ဘဝတစ်လျှောက်လုံးမှာ အတူ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားသူတစ်ယောက်ကို ရှာတွေ့တာလောက် ကောင်းတဲ့ အရာ သိပ်ရှိမှာ မဟုတ်ပါဘူး။ သင့်ချစ်သူဟာ သင့်ဝိညာဉ်ရဲ့ အပေါင်းအဖော်ဆိုလည်း မမှားပါဘူး။
သင့်လက်တွဲဖော်အကြောင်း ပိုသိရလေလေ နှစ်ဦးသားအကြား ပိုပြီး ချမ်းမြေ့ပျော်ရွှင် အဆင်ပြေလေလေပါပဲ။ ဒီဆောင်းပါးမှာ သင့်ချစ်သူကို ပျော်အောင် ထားဖို့ လုပ်ပေးလို့ရမယ့် အရာတစ်ချို့ အကြောင်း ဖော်ပြသွားမှာပါ။
(၁) သူ့အတွက် အချိန်ပေးပါ

Photo: Pexels
ဒီနေ့ခေတ်လို ကသုတ်ကရက်နဲ့ ကိစ္စဝိစ္စသိပ်များတဲ့ ခေတ်ကြီးမှာ လူတစ်ယောက်ကို တကယ်ခင်တွယ်မှ တကူးတက အချိန်ပေးနိုင်တော့တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ ကိုယ်ချစ်တဲ့ ဇနီးမယားအတွက် အချိန်ပေးပြီး နှစ်ယောက်အတူ ညစာစားတာ ၊ ခရီးတိုလေးတွေ ထွက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဒါဟာ သင့်အချစ်နဲ့ သင့်ရဲ့ ဂရုစိုက်မှုကို သူ့ဆီ ပေးလိုက်တာပါပဲ။
(၂) ကိုယ်လက်နှီးနှောမှု ရှိပါစေ

Photo: Pexels
လင်မယားအကြားမှာ လင်မယားကိစ္စတွေ မရှိတော့ရင် အိမ်ထောင်ရေး မသာယာတာ ချစ်မှုရေးရာ စိတ်မကျေနပ်စရာ ဖြစ်လာတာတွေ ကြုံလာနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ပုံမှန် လိင်ဆက်ဆံတဲ့ စုံတွဲတွေဟာ တစ်ယောက်ကို တစ်ယောက် ပိုချစ်လာကြပြီး တစ်ယောက်သဘောကို တစ်ယောက် လိုက်လျောနားလည်နိုင်စွမ်း မြင့်လာတယ်လို့ ဆိုပါတယ်။
လိင်မှုကိစ္စဟာ ကျန်းမာရေးပိုကောင်းအောင်လည်း အထောက်အပံ့ပြုပါတယ်။ စိတ်ဖိစီးမှု နည်းစေပြီး ဦးနှောက်ကို နိုးကြားစေပြီး စိတ်ခံစားမှုချင်းလည်း ပိုနီးစပ်လာစေပါတယ်။ ဒီတော့ အိမ်ထောင်သည်ဘဝမှာ ကိုယ့်ဇနီးနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ကိုယ်လက်နှီးနှောမှုကလည်း အရေးပါတယ်ဆိုတာ မှတ်ထားပါ။
(၃) ခံစားချက်ချင်း နီးစပ်ပါစေ

Photo: Freepik
အပေါ်က ပြောခဲ့တာက ကိုယ်လက်နှီးနှောခြင်းဖြစ်ပြီး အခုပြောမှာက စိတ်ချင်း နီးစပ်အောင်နေတာပါ။ စိတ်ချင်းနီးစပ်ဖို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးပြီး စကားလက်ဆုံ ပြောတာ ၊ တစ်ယောက်ရဲ့ ပြဿနာကို တစ်ယောက်က ဖေးမကူညီပြီး အတူဖြေရှင်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဟာသတွေ ပြောပါ။ သင့်အနာဂါတ်နဲ့ မျှော်လင့်ချက်တွေကို ရင်ဖွင့်ပါ။ သူ့ဆီက အသံကို နားစွင့်ပါ။
အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက်အကြား ဆက်သွယ်မှုရှိနေဖို့ပါပဲ။ ဒါဟာ သံယောဇဉ်တစ်ခုကို တည်ဆောက်နေတာ ဖြစ်သလို တစ်ယောက်ကို တစ်ယောက် ပိုနားလည်ခြင်းဟာ ဘဝကို ပိုပြီး ခိုင်မြဲနှစ်မာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေတဲ့ အကြောင်းလည်း ဖြစ်ပါတယ်။
(၄) ဒါလေးတွေ လုပ်ပါ

Photo: Pexels
သေးသေးမွှားမွှားကအစ ဂရုစိုက်တာလေးတွေဟာ ချစ်သူနှစ်ဦးအကြား ပိုပြီး နီးစပ်ပျော်ရွှင် ရင်ခုန်စရာအကြောင်းလည်း ဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို ပျော်ရွှင်အောင် ထားမယ့်သူဟာ သူမလာရင် တံခါးဖွင့်ပြီးး သူမနဲ့အတူ ပျော်စရာတွေအတူ မျှဝေ ရယ်မောတတ်သူ ၊ သူ့ကောင်းကွက်ကို ထုတ်ဖော်ချီးကျူးတတ်ပြီး မနက်ခင်းတွေမှာ ကော်ဖီတစ်ခွက် ဖျော်လာပေးသူ ဖြစ်သင့်ပါတယ်။ ဒီအပြုအမူသေးသေးလေးတွေကပဲ နှစ်ဦးသား ပိုပြီး နီးသထက် နီးသွားစေတဲ့ အရာတွေ ဖြစ်ပါတယ်။
