မင်းသားကြီး ကီနူးရိဗ်စ်လို့ ပြောလိုက်ရင် ကမ္ဘာ့ရုပ်ရှင်ချစ် ပရိတ်သတ်တွေအကြားမှာ မသိရှိမယ် မထင်ပါဘူး။ လက်ဘနွန်ဖွား ကနေဒါနိုင်ငံသား အသက် ၅၆ နှစ်အရွယ် မင်းသားကြီးကီနူးရိဗ်စ် ရဲ့ ရုပ်ရှင်တွေဟာ ကမ္ဘာကျော်တာ မှန်ပါတယ်။ ဒါပေမယ့် မင်းသားကြီးရဲ့ စရိုက်နဲ့ နေထိုင်မှုပုံစံက သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကီနူးရိဗ်စ်ဟာ ကျွန်တော်တို့ ကြားသိနေကျ ဟောလီဝုဒ်သရုပ်ဆောင်တွေနဲ့ အပုံကြီးကွာတဲ့ အချက်တွေ ရှိပြီး ဒီထဲက လူသိနည်းတဲ့ အချက်တစ်ချို့ကို ပြန်ပြောပြချင်ပါတယ်။

(၁) စွန့်ကြဲတတ်တဲ့ ဝါသနာရှိသူ

Photo: sarcasm

ပထမဆုံးတစ်ချက်က ကီနူးရိဗစ်ရဲ့ စွန့်ကြဲတတ်တဲ့ ဝါသနာအကြောင်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှု တသီကြီး ရခဲ့တဲ့ The Matrix ရုပ်ရှင်အတွက် ရတဲ့ သရုပ်ဆောင်ကြေးအများစုကို ကီနူးရိဗ်စ်ဟာ သူ့သဘောဆန္ဒအလျောက် ရုပ်ရှင်ရဲ့ အထူးပြုလုပ်ချက်တွေ လုပ်တဲ့ CGI Team ကို ပြန်ပေးခဲ့တာပါ။ Matrix ရုပ်ရှင်သုံးကားတွဲအတွက် ကီနူးရိဗ်စ်ဟာ စုစုပေါင်း သန်း ၂၅၀ အထိ ရခဲ့တာ ဖြစ်လို့ ပျမ်းမျှအားဖြင့် Matrix တစ်ကားကို ဒေါ်လာ ၈၃.၃ သန်း ရခဲ့တာ ဖြစ်ပါတယ်။

(၂) Fox နဲ့ ပြဿနာတက်ခဲ့သူ

Photo: Insider

နောက်တစ်ခုက ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခု ဖြစ်တဲ့ 20th Century Fox ဟာ ကီနူးရိဗ်စ်ကို နှစ်နှစ်ဆယ်လောက် Blacklist လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ကီနူးရိဗ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Speed ရုပ်ရှင်ဟာ အကြီးအကျယ် ပေါက်ခဲ့ပါတယ်။ သန်း ၃၀ အကုန်အကျခံပြီး ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ ဒေါ်လာ ၃၅၀.၄ သန်း ဝင်ခဲ့သလို အကောင်းဆုံးအသံနဲ့ အသံအထူးပြုလုပ်ချက်ပိုင်းဆိုင်ရာ အော်စကာနှစ်ဆု ရခဲ့ပါတယ်။

ပြဿနာက Speed 2 အဖြစ် ဆက်ရိုက်ဖို့ 20th Century Fox ဘက်က ဒေါ်လာ ၁၂ သန်းအထိ ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် မင်းသားကြီးက ငြင်းဆန်ခဲ့တာပါပဲ။ အကျိုးဆက်က ကီနူးရိဗ်စ်နဲ့ ရိုက်ကူးရေးလုပ်မှုကို Fox ဘက်က ၁၄ နှစ်ကြာ ပိတ်ပင်ခဲ့တာပါပဲ။ ကီနူးရိဗ်စ် မပါဘဲ Speed 2 ရိုက်ခဲ့ပေမယ့် အရှုံးပြခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ Fox နဲ့ မင်းသားကြီးတို့အကြား အကွဲအပြဲဇာတ်လမ်း ချုပ်ငြိမ်းသွားခဲပြီး သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်တဲ့ The Day The Earth Stood Still မှာ ပြန်ပြီး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

(၃) အညံ့ဆုံးသရုပ်ဆောင်ဆု စာရင်းဝင်ခဲ့သူ

Photo: sarcasm

ကီနူးရိဗ်စ်ရဲ့ ရုပ်ရှင်အားလုံး ငွေကြေးအရ အောင်မြင်မှုရခဲ့တာတော့ မဟုတ်ပါဘူး ။ တစ်ချို့ရုပ်ရှင်တွေဆို ညံ့လွန်းလို့ ဆိုပြီး ရုပ်ရှင်လောကမှ ပေါကားဆုဖြစ်တဲ့ Razzie Awards မှာ ကီနူးရိဗ်စ်ရဲ့ ရုပ်ရှင်တွေ အတော်များများ ဖော်ပြခံခဲ့ရပါတယ်။ Razzie Awards ထဲမှာ မင်းသားကြီး ပါဝင် သရုပ်ဆောင်ထားတဲ့ Chain Reaction ၊ Sweet November ၊ Hard Ball စတဲ့စတဲ့ ရုပ်ရှင်ကားတွေကို အဆိုးဆုံးသရုပ်ဆောင်ဆု ပေးထားပါတယ်။

(၄) ဇာတ်ကားကြောင့် ဆေးလိပ်စွဲခဲ့သူ

Photo: sarcasm

Feeling Minnesota ရုပ်ရှင်ထဲက ဇာတ်ကောင်စရိုက်ကြောင့် မင်းသားကြီးမှာ ဆေးလိပ်သောက်တတ်တဲ့ အကျင့်ဆိုးရလာခဲ့တယ်လို့ ဆိုပါတယ်။ Constantine ရုပ်ရှင်မှာလည်း မင်းသားကြီးဟာ ဆေးလိပ်ကို လက်က မချတမ်း သောက်တဲ့ ဇာတ်ကောင်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူ့ကို အပြင်မှာ တွေ့လိုက်ရင်လည်း လက်ထဲမှာ ဆေးလိပ်တစ်လိပ်နဲ့ အမြဲ မြင်ရလေ့ရှိပါတယ်။

(၅) Idol တွေနဲ့ ရုပ်ရှင်ရိုက်ချင်လို့ သရုပ်ဆောင်ကြေးလျှော့ခဲ့သူ

Photo: sarcasm

ကီနူးရိဗ်စ်ဟာ ငွေထက် ရုပ်ရှင်သရုပ်ဆောင်မှုပေါ် တန်ဖိုးထားသူ ဖြစ်ပါတယ်။ သူလေးစားအားကျရတဲ့ ရုပ်ရှင်မင်းသား/မင်းသမီးကြီးတွေနဲ့ အတူ ရုပ်ရှင်မှာ တွဲပြီး သရုပ်ဆောင်ချင်လို့ သရုပ်ဆောင်ကြေးနှုန်းကို ဂရုမစိုက်တတ်သူအဖြစ်လည်း နာမည်ကြီးပါတယ်။ The Devil’s Advocate ရုပ်ရှင်မှာ God Father မင်းသားကြီး အယ်ပါချီနိုနဲ့ အတူ ဇာတ်ကားရိုက်ချင်လို့ သရုပ်ဆောင်ကြေး လျှော့ယူခဲ့သလို The Replacement မှာလည်း မင်းသားကြီး ဂီနီဟက်ခ်မင်းနဲ့ အတူဇာတ်ကားရိုက်ရဖို့ သရုပ်ဆောင်ကြေးကို လျှော့ယူခဲ့ပါတယ်။