တစ်ခါတလေမှာ Depression လို့ ခေါ်တဲ့ စိတ်ဓါတ်ကျဆင်းတဲ့ပြဿနာဟာ ကျွန်တော်တို့ဆီ မျှော်လင့်မထားတဲ့ မဖြစ်စလောက် ကိစ္စလေးတွေကနေ စတင်ဝင်ရောက်လာတတ်ပါတယ်။ ဒီနေ့ကမ္ဘာတစ်လွှားမှာ ဖြစ်ပွားနေတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေထဲက အဖြစ်အများဆုံးနဲ့ အထင်ရှားဆုံးပြဿနာဟာ စိတ်ဓါတ်ကျဆင်းမှုပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ Depression ဖြစ်နိုင်ခြေရှိသလား ၊ လက်ရှိမှာရော ကိုယ့်စိတ်က ဘယ်လိုဖြစ်နေသလဲဆိုတာကို အခုပြောမယ့် အခြေအနေတွေနဲ့ တိုက်ကြည့်နိုင်ပါတယ်။
(၁) လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းခြင်း

Photo: Freepik
စိတ်ဝင်စားမှုတွေ ပျောက်ဆုံး ၊ အာရုံစိုက်ရ ခက်ခဲ ၊ စိတ်အားထက်သန်မှုတွေ လုံးဝငုပ်လျှိုးနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပေးပါ။ ကိုယ့်မှာ ဘယ်လို ပြဿနာတွေ ကြုံနေရသလဲ ၊ အဲ့ဒီပြဿနာတွေကို ဘယ်လို ခံစားနေမိသလဲဆိုတာကို ပြန်သုံးသပ်ပါ။ Depression ဆိုတာ အားလုံးကို ပိုပြီး လေးလံဖိစီးတယ်လို့ ခံစားရစေနိုင်ပါတယ်။
(၂) ရုပ်ပိုင်းဆိုင်ရာ နာကျင်ခြင်း

Photo: Freepik
ကျွန်တော်တို့စိတ်ခံစားမှုနဲ့ နာကျင်မှုအဆင့်ကို လွှမ်းမိုးတဲ့ နျူရွန်လှိုင်းလွှင့်ပစ္စည်းတွေဟာ Serotonin နဲ့ Norepinephrine တို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ လူမှာ စိတ်နဲ့ ရုပ်ကျန်းမာရေးဆက်စပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ရုပ်ပိုင်းနာကျင်မှုဟာလည်း Depression ဝင်နေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ နာတာရှည် အဆစ်အမြစ် ၊ ခြေချောင်းလက်ချောင်းနဲ့ နောက်ကျောနာတာ ၊ ခေါင်းကိုက်တာ ၊ ဗိုက်အောင့်တာမျိုးကလည်း Depression ဖြစ်တော့မယ်ဆိုပြီး အစပျိုးနေတာ ဖြစ်လို့ သတိထားသင့်ပါတယ်။
(၃) အစာစားချင်စိတ်ပုံစံ ပြောင်းလာခြင်း

Photo: Freepik
ကိုယ်စားနေကျထက် ပိုပြီး စားသောက်လာတာပဲ ဖြစ်ဖြစ် ခံတွင်းပျက်လာတယ်လို့ပဲ ခံစားရပြီ ဖြစ်ဖြစ် အစာစားချင်စိတ်ပြောင်းလာခြင်းဟာ Depression နဲ့ စိတ်ခံစားချက်ကျဆင်းနေကြောင်း လက္ခဏာဖြစ်နိုင်ပါတယ်။ စိတ်ခံစားချက်တွေလည်း ကျဆင်းနေတယ် ၊ အစာစားချင်စိတ်လည်း ပြောင်းလာပြီဆိုရင် သတိထားရမယ့်အချက် ဖြစ်ပါတယ်။
အစာစားချင်စိတ် အပြောင်းအလဲလိုပါပဲ။ အိပ်ရခက်လာတာ ၊ အိပ်လို့မပျော်ဖြစ်လာတာဟာလည်း Depression လက္ခဏာထဲမှာ ပါပါတယ်။ လေ့လာမှုတွေအရ လူတွေရဲ့ ၂၂% ဟာ ညဘက် အိပ်ပျော်ဖို့ ခက်လေ့ရှိကြပြီး ဒီဖြစ်စဉ်တွေထဲက အများအပြားဟာ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ထူးဆန်းတာက အိပ်ရာထဲမှာ တခွေခွေနဲ့ အလွန်အကျွံ အိပ်စက်နေမိတာကလည်း Depression ပြဿနာထဲမှာ ပါတာပဲ ဖြစ်ပါတယ်။
(၄) စိတ်နေစိတ်ထား ပြောင်းလာခြင်း

Photo: Freepik
အရင်က ရိုးကုပ်ကုပ်နေသူတစ်ယောက် အခု ဒေါသထွက်လွယ်လာတယ် ၊ ပေါက်ကွဲတတ် ၊ ရန်လိုတတ်လာတယ်ဆိုရင် ဒါလည်း စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိလာလို့ ဖြစ်နိုင်ပါတယ်။ အတော်အတန် ကိစ္စလေးတွေ မေ့တတ်လာတယ် ၊ ခေါင်းထဲမှာ ဆိုးရွားတဲ့ မှတ်ဉာဏ်တွေပဲ ရွေးပြီး အမှတ်ရနေမိတယ် ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရနေမိတယ် ၊ စိတ်ရှုပ်ထွေးမှုလည်း မြင့်သထက် မြင့်လာတယ်ဆိုရင်လည်း ဒါဟာ Depression ဖြစ်နိုင်ခြေပြနေတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။
