ယနေ့ခေတ်မှာ တက်တူးထိုးခြင်းအပေါ် အမြင်တွေများစွာ ပြောင်းလဲလာခဲ့ပါပြီ။ တက်တူးရှိရင် တေလေဂျပိုး ၊ လူဆိုးလူမိုက်လို့ သတ်မှတ်ချက်တွေရှိခဲ့ရာမှာ လက်ရှိအချိန်မှာတော့ တက်တူးကို တော်တော်များများ လက်ခံလာကြပြီး ဖက်ရှင်တစ်ခုအနေနဲ့ပါ ထိုးလာကြတာတွေ့ရပါတယ်။ တက်တူးထိုးမယ်ဆိုရင် မထိုးခင် ဘယ်လိုဒီဇိုင်းမျိုးထိုးမယ်ဆိုတာ သေချာရွေးရသလို ထိုးပြီးချိန်မှာလည်း ကိုယ့်ရဲ့တက်တူးပုံကိုသေချာဂရုစိုက်ဖို့ လိုပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ တက်တူးအသစ်ထိုးပြီးနောက် ကိုယ်ထိုးတဲ့တက်တူးပုံကိုဘယ်လိုမျိုး ဂရုစိုက်ပေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) Tattoo Artist ရဲ့ အကြံကိုရယူပါ
Photo : Estilo Tendances
Tattoo Artist တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်တွေမတူကြပေမယ့် အကောင်းဆုံးကတော့ ကိုယ့်ကိုထိုးပေးလိုက်တဲ့ တက်တူးဆရာရဲ့ အကြံပေးချက်ကို ယူတာကောင်းပါတယ်။ တက်တူးထိုးပြီးချိန်မှာ ဘာတွေရှောင်ရမယ် ဘယ်အချက်တွေတော့ လိုက်နာရမယ်ဆိုတာ သေ ချာမေးမြန်းပါ။ သို့သော် အမှန်တကယ်ကျွမ်းကျင်ပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ Tattoo Artist ကိုရွေးဖို့တော့ လိုပါလိမ့်မယ်။
(၂) တက်တူးကို ညင်သာစွာ ဆေးကြောပါ
Photo : Design Press
တက်တူးထိုးပြီးနောက် ဘက်တီးရီယားဝင်ရောက်မှုမရှိစေရန် တက်တူးပုံကို ပတ်တီးနဲ့ စည်းထားရပါတယ်။ အဆိုပါ ပတ်တီးကို တချို့က ၂၄ နာရီကြာမှဖြည်သလို တချို့ကလည်း ၂ နာရီကနေ ၅ နာရီကြားကြာမှ ဖြည်လေ့ရှိပါတယ်။ ပတ်တီးဖြည်ပြီးချိန်မှာ တက်တူးနေရာကို ဆေးကြောသန့်စင်မယ်ဆိုရင် ရေခပ်နွေးနွေးနဲ့ Antibacterial Soap သို့ အပျော့စားဆပ်ပြာကိုအသုံးပြုပြီး ဖြေးညင်းစွာ ဆေးကြောပေးရမှာဖြစ်ပါတယ်။
(၃) အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ
Photo : The Skincare Saviour
တက်တူးထိုးတဲ့ နေရာတစ်ဝိုက်ကို ခြောက်သွေ့မသွားပဲ ဆေးရောင်စိုနေစေဖို့ အစိုဓာတ်ထိန်းခရင်မ် Moisturizer လိမ်းပေးရပါမယ်။ Moisturizer လိမ်းတဲ့အခါ အနံ့မပါပဲ သဘာဝပစ္စည်းတွေကိုအခြေခံထားတဲ့ ခရင်မ်မျိုးရွေးချယ်ပြီး ခပ်ပါးပါးလိမ်းပေးပါ။ တစ်ရက်ကို အနည်းဆုံး ၃ ကြိမ်ကနေ ၅ ကြိမ်အထိ လိမ်းပေးနိုင်ပါတယ်။
(၄) သန့်ရှင်းအောင် ဂရုစိုက်ပါ
Photo : Cesar Perez
တက်တူးထိုးထားတဲ့နေရာတစ်ဝိုက်ကို ဖုန်နဲ့အညစ်အကြေးတွေမရှိစေပဲ သန့်ရှင်းအောင်အထူး ဂရုစိုက်ရပါမယ်။ များသောအားဖြင့် တက်တူးထိုးပြီးချိန်မှာ ရေမထိရဘူးလို့ပြောကြတာ ကြားဖူးကြမှာပါ။ တကယ်တော့ ရေချိုးလို့က အဆင်ပြေပါတယ်။ ရေကူးတာ ရေစိမ်တာကဲ့သလို့ ရေထဲမှာအချိန်ကြာကြာ မနေပဲ သန့်ရှင်းခြောက်သွေ့အောင်ထားဖို့ လိုတာဖြစ်ပါတယ်။ နောက်ပြီး နေရောင်တိုက်ရိုက်မထိအောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။ နေရောင်က တက်တူးဆေးသားကို အရောင်မှိန်သွားစေတာကြောင့် နေပူထဲသွားတဲ့အခါ နေရောင်တိုက်ရိုက်မထိစေဖို့ အထူးဂရုစိုက်ပါ။
(၅) ကုတ်/ဖဲ့တာမျိုးမလုပ်ပါနဲ့
Photo : Sorry Mom Shop
တက်တူးအနာကျက်လာချိန်မှာ တက်တူးထိုးတဲ့နေရာတစ်ဝိုက်က ယားယံတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုအချိန်မှာ ကုတ်တာ/ဖဲ့တာမျိုးလုံးဝမလုပ်ပါနဲ့။ ဘက်တီးရီးယားပွားတွေဝင်စေပြီး တက်တူးကို ပုံပျက်သွားစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အနာကျက်မြန်စေမယ့် လိမ်းဆေး ခပ်ပါးပါးလိမ်းပေးပါ။
Featured Photo : Askmen