ခွေးတွေဟာ တိရစ္ဆာန်တွေထဲမှာ လူနဲ့ အရင်းနှီးဆုံးအိမ်မွေးတိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ ခွေးတွေကို သင့်အိမ်ထဲမှာ ၊ ခြံဝန်းထဲမှာ နောက်ဆုံးသင့်အိပ်ရာထဲမှာပါ တွေ့နိုင်ပါတယ်။ ဒီအခွင့်အရေးမျိုးကို ရနိုင်တဲ့တိရစ္ဆာန် များများစားစား မရှိပါဘူး။ ဒီတော့ ဒီလောက် လူနဲ့ နီးကပ်တဲ့သတ္တဝါအကြောင်း သိထားဖို့တော့ လိုမယ်ထင်ပါတယ်။
(၁) အာရုံ အားကောင်းတဲ့ တိရစ္ဆာန်တွေပါ
Photo: countryliving
လူမှာ အနံ့ခံအာရုံ ၅ သန်း ရှိပါတယ်။ ခွေးတွေမှာ ၁၂၅ သန်းကနေ သန်း ၃၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ အနံ့လာရာကိုပါ သိနိုင်တဲ့အစွမ်းရှိလို့ ခွေးတွေကို အထင်တော့ မသေးသင့်ပါဘူး။ အနံ့အပြင် အကြားနဲ့ အရသာခံတဲ့အပိုင်းမှာလည်း ခွေးတွေက စွမ်းပါတယ်။ ဒါကြောင့်ပဲ သူတို့ကြိုက်တဲ့အရသာတစ်ခုခုဆို ဘယ်တော့မှ မမေ့တာ ဖြစ်ပါတယ်။ အကြားနဲ့ပတ်သက်ပြီး နားတစ်ဖက်စီမှာ ကြွက်သားပေါင်း ၁၈ ခုမကပါရှိပါတယ်။ ဒီကြွက်သားတွေက ကွေးနိုင် ၊ လှည့်နိုင် ၊ ထောင်နိုင် ကုပ်နိုင်ပြီး အသံရဲ့ လာရာကိုလည်း အတိအကျ လှမ်းဖမ်းယူနိုင်ပါတယ်။
အမြင်အာရုံအရ ကြည့်မလား ။ ခွေးတွေဟာ အတော်ကြီး ထူးကဲတဲ့ မျက်လုံးပိုင်ရှင်တွေပါ။ သူတို့မျက်လုံး မျက်ကြည်လွှာရဲ့ နောက်မှာ အလင်းပြန်အလွှာနဲ့ဆဲလ်တွေ ရှိပါတယ်။ ဒီအလွှာက သူတို့ကို ညဘက်မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း ကြည့်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ မှောင်နေတယ်ဆိုရင်တောင် မျက်လုံးတွေက အရာဝတ္ထုတွေကို Glowing Effect နဲ့ အရောင်ထွက်လာအောင် ကြည့်လို့ ရပါတယ်။ ခွေးတွေကို လျှော့တော့ မတွက်စေချင်ပါဘူး။
(၂) ဝံပုလွေမျိုးကလာ
Photo: countryliving
ပုံပြင်မှာ ဉာဏ်နီဉာဏ်နက်များတဲ့သတ္တဝါအဖြစ် ပုံဖော်ခံရတဲ့ ဝံပုလွေတွေဟာ အခုခွေးတွေနဲ့ အမျိုးမကင်းပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သိန်းလောက်က စပြီး ဝံပုလွေနဲ့ ခွေးတွေဟာ မျိုးစိတ်ချင်းကွဲလာတာပါ။ ဒါပေမယ့်လည်း အိမ်မွေးခွေးတွေဟာ မီးခိုးရောင်ဝံပုလွေတွေနဲ့ DNA ချင်း ၉၉.၉၆% တူပါတယ်။ သွား ၄၂ ချောင်းပေါက်တာချင်းတူသလို စရိုက်နဲ့ ကျင်လည်မှုတွေ ၊ စားသောက်မှုပုံစံတွေလည်း တစ်ထပ်တည်းပါပဲ။ ကွဲတာက ခွေးတွေက လူနဲ့ မျက်လုံးချင်းဆုံကြည့်တတ်ပြီး ဝံပုလွေတွေက Eye Contact လုံးဝမလုပ်တာပါပဲ.
(၃) အိမ်မွေးသတ္တဝါစဖြစ်လာတာ နှစ်သောင်းချီကြာ
Photo: countryliving
အရှေ့အလယ်ပိုင်းဒေသဟာ ကမ္ဘာပေါ်မှာ ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် စပြီး မွေးတဲ့ဒေသဖြစ်ပါတယ်။ ခွေးတွေကို အိမ်မှာမွေးလာတာ နှစ်ပေါင်း ၁၂၀၀၀ ခန့်ရှိလာပြီလို့ ယူဆထားပါတယ်။ ခွေးတွေရဲ့ အခန်းကဏ္ဍကလည်း အတော်လေးကို တွင်ကျယ်လာခဲ့ပါပြီ။
(၄) လူစကားနားလည်တယ်
Photo: countryliving
ခွေးတွေက လူတွေပြောတဲ့စကားကို နားလည်နိုင်စွမ်းရှိပါတယ်။ စကားလုံးတွေရဲ့ အဓိပ္ပါယ်အပြင် အနိမ့်အမြင့်နဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က ခံစားချက်တွေပါ သိရှိနိုင်တာပါပဲ။ လူစကားနားမလည်တဲ့ခွေး ခပ်ရှားရှားပါ။ ချီးကျူးစကားပြောရင် အမြီးနှံ့ပြတတ်ပြီး ခြိမ်းခြောက်ရင် အမြီးကုပ်ပြတာကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။