လူတိုင်းလူတိုင်း ကိုယ့်ရဲ့တစ်နေ့တာကို လန်းဆန်းမှုအပြည့် စွမ်းအင်အပြည့်နဲ့ ဖြတ်သန်းချင်ကြပါတယ်။ တစ်နေ့လုံးလန်းဆန်းမှုမရှိ ပင်ပန်းနွမ်းနယ်သလို ခံစားနေရရင် အလုပ်ခွင်မှာလည်း အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရနိုင်သလို ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေဟာလည်း တဖြေးဖြေးကျဆင်းလာနိုင်ပါတယ်။ ဒါဆိုရင် တစ်နေ့တာလုံး လန်းဆန်းနေစေဖို့ အိပ်ယာနိုးနိုးချင်း လုပ်ဆောင့်သင့်တဲ့ အလေ့အကျင့်ကောင်းများကို ပြောပြချင်ပါတယ်။

Source: Chad Howse

(၁) တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့ဆိုရင် နေ့တစ်နေ့ရဲ့အစပျိုးမှုကောင်းဖို့ အများကြီးလိုအပ်ပါတယ်။ မနက်ခင်းမှာတင် စိတ်ရှုပ်စရာ စိတ်ညစ်စရာကြုံတွေ့ရပြီဆိုရင် အဲ့ဒီနေ့တစ်နေ့လုံး ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ ဒါကြောင့်မနက်အိပ်ယာနိုးတာနဲ့ သင့်ရဲ့စိတ်ကိုကြည်လင်နေစေဖို့ မကောင်းတဲ့အရာတွေအဝင်မခံဖို့ ဂရုပြုသင့်ပါတယ်။

Source: telegraph.co.uk

(၂) ပြုံးပါ။ အိပ်ယာနိုးနိုးချင်းခြေလက်ဆေးရင်း၊ မျက်နှာသစ်ရင်း၊ သွားတိုက်ရင်း စသည်ဖြင့် လုပ်ဆောင်နေစဉ် ရေချိုးခန်းထဲကမှန်မှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုကြည့်ပြီးပြုံးပါ။ အပြုံးဟာပျော်ရွှင်ခြင်းရဲ့ သင်္ကေတပါ။ ကိုယ်ရဲ့တစ်နေ့မှာ ပျော်ရွှင်လန်းဆန်းနေစေဖို့ ကိုယ့်ကိုယ်ကိုအပြုံးနဲ့ချီးမွမ်းပါ။ ငါရုပ်ဆိုးလိုက်တာ ငါ့မျက်နှာက မလှဘူး ခန္ဓာကိုယ်ကလည်းမလှဘူး စတဲ့ မကောင်းဘက်ကိုသွားတဲ့ အတွေးတွေကို မှန်ကြည့်ပြီး တွေးမယ့်အစား ကိုယ့်ကိုယ်ကိုအပြုံးလေးတစ်ချက်နဲ့ ကြိုဆိုလိုက်ခြင်းဟာ ကောင်းတဲ့အလေ့အထတစ်ခုပါ။

Source: freepik.com

(၃) အိပ်ယာနိုးချင်း ရေတစ်ဖန်ခွက်ကနေ တစ်ဖန်ခွက်နီးပါးသောက်ပေးဖို့ လိုအပ်ပါတယ်။ မနက်ခင်းရေသောက်ခြင်းဟာ ရောဂါဘယကင်းဝေးစေတဲ့အပြင် ကင်ဆာရောဂါဖြစ်နိုင်မှုကိုပါ ကာကွယ်ပေးပါတယ်။ အစာအိမ်လမ်းကြောင်းကိုလည်း သန့်စင်စေပြီး အစာအိမ်နဲ့ပတ်သတ်တဲ့ရောဂါတွေဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်သောက်မယ့်ရေတစ်ဖန်ခွက်ထဲ သံပရာသီးတစ်စိတ်လောက်ညှစ်ထည့်ပြီး သောက်ပေးမယ်ဆိုရင်ပိုကောင်းပါတယ်။

Source: Today Show

(၄) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတစ်ခုပါ။ မနက်စောစောလမ်းလျောက်ခြင်း၊ စက်ဘီးနင်းခြင်း၊ Aerobic ကစားခြင်း စသည်ဖြင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်တစ်ခုခု ပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ၁၅မိနစ်ခန့်လောက် သွေးပူလေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးလို့ရပါတယ်။

Source: Healthline

(၅) သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ မနက်စာတစ်ခွက်စားသုံးပေးပါ။ မနက်စာစားခြင်းဟာ သင့်ကိုဥာဏ်ရည်ထက်မြက်စေတဲ့အပြင် ကောင်းမွန်တဲ့ Energy တွေကိုလည်း ပေးစွမ်းပါတယ်။ အစာအိမ်ဟာ တစ်ညလုံးအစာချက်လာပြီးတဲ့နောက် ကုန်သလောက်ဖြစ်နေတဲ့မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့အစားအစာတွေကို ပြန်လည်ဖြည့်တင်းပေးဖို့လိုပါတယ်။ စက်အင်ဂျင်တစ်လုံး ကောင်းကောင်းလည်ပတ်ဖို့ အင်ဂျင်ဝိုင်ကောင်းကောင်းလိုအပ်သလိုပေါ့။

Featured Image Source: Chad Howse