Fitness Lifestyle ပြောင်းဖို့အတွက် Gym ကစားတော့မယ်လို့ ဆုံးဖြတ်ထားသလား။ Gym မှာတော့ အားကစားနည်းစနစ်တွေအကြောင်း ညွှန်ကြားလေ့ကျင့်ပေးမယ့် Trainer ရှိပါတယ်။ ဒါပေမယ့် အခုပြောမယ့် မလုပ်သင့်တဲ့ အချက်တွေကို ပြောပြပေးမယ့်သူ ရှိဖို့ကတော့ မသေချာပါဘူး။

(၁) ဖုန်းမသုံးပါနဲ့

Photo: theladders

အားကစားလုပ်ဖို့ ရောက်လာတာကို ဖုန်းသုံးပြီး အချိန်ဖြုန်းမယ်ဆိုရင် နှမျောဖို့ကောင်းသလို အားကစားလုပ်တာလည်း အလကားဖြစ်သွားမှာပါ။ Gym မှာ ဖုန်းသုံးတာဟာ အချိန်ဖြုန်းရုံတင်မဟုတ်ဘဲ တစ်ခြားသူတွေအတွက်ပါ အ‌နှောင့်အယှက်ဖြစ်စေပါတယ်။ ဖုန်းထဲက Facebook Newsfeed ကို အာရုံရောက်နေသူအတွက် အားကစားလည်း ထိထိရောက်ရောက် လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

(၂) တစ်ခြားသူတွေကို ကစားနည်းတွေ လျှောက်ပြီး အကြံမပေးပါနဲ့

Photo: Freepik

Gym မှာ ဟိုလို ကစားပါ့လား ၊ ဒီလို မ,ကြည့်ပါလားလို့ အကြံပေးမျိုး ရှောင်ပါ။ ဒီအလုပ်ကို Gym Trainer လုပ်ပါလိမ့်မယ်။ ကိုယ်က ဝင်ပြောနေတာ မှန်သော်ရှိ မှားသော်ရှိ အမြင်မကြည်စရာ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး Gym ကစားသူတစ်ချို့ကလည်း သူတို့နည်းစနစ်နဲ့ သူတို့ ကစားတာတွေ ရှိပါတယ်။ ဒီတော့ မလိုအပ်ဘဲ သူများကို အကြံတွေ ပေးတာမျိုး မလုပ်ပါနဲ့။

(၃) သန့်ရှင်းရေး မလုပ်သေးဘဲ Gym ပစ္စည်းတွေ မသုံးပါနဲ့

Photo: Freepik

ဒါကတော့ ကျန်းမာရေးအတွက်ပါ။ Gym ခန်းဆိုတာ နေရာတကာမှာ ဘက်တီးရီးယားပိုးမွှားတွေ ရှိနေတဲ့ နေရာ ဖြစ်ပါတယ်။ လူပေါင်းစုံ နေ့စဉ်ကစားတဲ့ နေရာ ဖြစ်လို့ အကောင်းဆုံးက Gym ပစ္စည်းတွေ သုံးခါနီးမှာ အရင်ဆုံး တစ်သျှူးနဲ့ဖြစ်ဖြစ် သုတ်ပြီးမှ သုံးဖို့ လိုပါတယ်။

(၄) လူတွေ့တိုင်း လိုက်ပြီး မိတ်မဖွဲ့ပါနဲ့

Photo: thefitnesstribe

Gym ခန်းဟာ အလာပသလာပ လိုက်ပြောနေရမယ့် နေရာမဟုတ်သလို ကိုယ့်အကြောင်း သူ့အကြောင်း လိုက်စပ်စုနေရမယ့် နေရာမျိုးလည်း မဟုတ်ပါဘူး။ Gym ကစားဘက် မိတ်ဆွေတွေ ရလာမှသာ အားကစားလုပ်တာ ခဏနားနေတုန်း နည်းနည်းပါးပါး စကားပြောတာမျိုးပဲ လုပ်သင့်ပါတယ်။ နောက်တစ်ခုက Gym ရုံထဲမှာ တွေ့သမျှ မိန်းကလေးတိုင်းလည်း လိုက်မငမ်းဖို့ အကြံပေးချင်ပါတယ်။

(၅) သူများသုံးနေတဲ့ ပစ္စည်း ခွင့်တောင်းပြီးမှ သုံးပါ

Photo: Unsplash

ကိုယ်ကစားချင်တဲ့ ကစားနည်းအတွက် လိုအပ်တဲ့ အားကစားပစ္စည်းကို တစ်ယောက်ယောက် ကစားလက်စဆိုရင် သူ့ဆီက ခွင့်တောင်းပြီးမှ သုံးသင့်ပါတယ်။ Gym ပစ္စည်းတွေက လာကစားသူတိုင်းအတွက် ဆိုပေမယ့် အလိုက်သိတာ အကောင်းဆုံးပါပဲ။ နောက်ပြီး အားကစားတစ်ခု လုပ်တိုင်းမှာ လိုတာထက် ပိုပြီး အချိန်ဆွဲနေတာမျိုး ရှောင်ပါ။ Gym ရုံက အားကစားထိုင်ခုံ ဟာ လက်ဖက်ရည်ဆိုင်က ထိုင်ခုံမဟုတ်ပါဘူး။ နောက်လူတွေလည်း ကစားဖို့ စောင့်နေတတ်တာဖြစ်လို့ သူတစ်ပါးရဲ့ အချိန်ကို လေးစားဖို့ လိုပါတယ်။