စကားလုံးတွေဟာ စွမ်းအားကြီးသလို ဖန်တီးမှုစွမ်းအားလည်း ကြီးပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတဲ့ စကားတွေအတိုင်း ဖြစ်လာကြတာပါ။ စကားလုံးတွေက အနာဂါတ်ကို သတ်မှတ်တယ်ဆိုတဲ့ စကားရှိပါတယ်။ ဒီတော့ တိုးတက်ချင်ရင် ၊ အကောင်းမြင်စိတ်ထက်သန်ချင်ရင် တစ်နေ့တာရဲ့ အစဖြစ်တဲ့ မနက်ဘက်မှာ ဒီစကားမျိုးတွေ မပြောမိစေဖို့ လိုပါတယ်။

(၁) ငါက အဖြစ်မရှိဘူး

Photo: Freepik

စောစောစီးစီး ကိုယ့်ကိုယ်ကို Autosuggestion ပေးတဲ့ စကားက ငါက အလကားကောင်ပါလားဆိုတဲ့ အတွေးမျိုးဆိုရင် သွားပါပြီ။ မနေ့က ဆုံးရှုံးမှုတွေအကြောင်းက ဒီနေ့အတွက် ခေါင်းစဉ်မဖြစ်ပါစေနဲ့။ မနက်ဖြန်အတွက် မျှော်လင့်ချက်ထားပြီး ဒီနေ့ အကောင်းဆုံးလုပ်မယ်လို့ပဲ သံဓိဌာန်ပြုပါ။

(၂) ဒီနေ့က ပြဿနာပဲ

Photo: Freepik

ဟော…ကြည့်။ ဘာမှ မလုပ်ရသေးဘူး။ မနက်အိပ်ရာထ အဆင်မပြေတဲ့အရာလေးတစ်ခုတလေ ကြည့်ပြီး ဒီနေ့တစ်နေ့လုံးကို သုံးစားမရတဲ့ နေ့တစ်နေ့လို့ သတ်မှတ်မိပြီ။ ဘယ်လောက်ကံဆိုးတဲ့နေ့မဆို ကံကောင်းခြင်းပုံရိပ်လေးတွေ ဆွဲထုတ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ အကောင်းမြင်ပါ။ ကောင်းတဲ့အကွက်လေးတွေ ရှာပါ။ ကိုယ်ကြည့်တဲ့ အကြည့်တွေက ကိုယ့်ရဲ့ မြင်ကွင်းကို ဆုံးဖြတ်ပါတယ်။

(၃) ငါ့ဘက်မှာ ဘယ်သူမှ မရှိဘူး

Photo: Freepik

မိုးလင်းလို့ အိပ်ရာထချိန် ခေါင်းထဲ ရောက်လာတဲ့ အတွေးလေးတွေ သတိထားပါ။ ဒီအတွေးတွေက သင့်ရဲ့ တစ်နေ့တာကို ကြိုတင်ဟောစာတန်းထုတ်နေတာ ဖြစ်ပါတယ်။ အကောင်းမြင်ပြီး ပျော်ရွှင်မှုရှိတဲ့ အမြင်နဲ့ မြင်ပြီး ၊ မျှော်လင့်ချက်နဲ့ ကျေးဇူးတင်မှုရှိတဲ့ စိတ်နဲ့ နိုးထတတ်အောင် ကြိုးစားပါ။ ဘာသာရေးအဆုံးအမကောင်းတစ်ခုခုကို နှလုံးသွင်းပြီး အိပ်ရာက ထပါ။

(၄) ဘာလုပ်ရမှန်းကို မသိတော့ဘူး

Photo: Freepik

ဟုတ်ပါတယ်။ ဒါမျိုးလည်း တွေးမိတတ်ပါတယ်။ အိပ်ရာက နိုးလာတာ ဘာလုပ်ဖို့လဲ။ ဒီနေ့ကြီးမှာ ငါက ဘာများ လုပ်နိုင်မှာမို့လဲလို့ တွေးမိတဲ့ အကြိမ်ရေ ခဏခဏ ကြုံဖူးကြမှာပါ။ တကယ်တော့ ဘယ်သူမှ အနာဂါတ်ကို မသိနိုင်ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တွေ ၊ အကောင်းဆုံး အားထုတ်မှုတွေနဲ့ နေ့သစ်ကို စတင်တဲ့သူတွေဟာ မမြင်ရတဲ့ အနာဂါတ်ကိုတောင် အလှပဆုံးဖြစ်အောင် ပုံဖော်နိုင်ကြပါတယ်။