ဖုန်းတွေဟာ ကျွန်တော်တို့နဲ့ မခွဲနိုင်တော့တဲ့ နည်းပညာပစ္စည်းတွေ ဖြစ်လာပါပြီ။ အမြဲတမ်း လက်ကမချတမ်း ဖုန်းသုံးမိနေတာကြောင့် ဖုန်းကို Refresh ဖြစ်ဖို့ Reboot တောင် မလုပ်ဖြစ်တော့သလိုပါပဲ။

ဖုန်း Restart မလုပ်တာ ဖုန်းအတွက် အန္တရာယ်ရှိနိုင်သလား။ ဖုန်းတစ်လုံးကို ဘယ်နှစ်ရက်တစ်ခါ Restart လုပ်သင့်သလဲ။ ဒီမေးခွန်းလေးတွေကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ကျွန်တော်တို့အများစုအတွက် ဖုန်းဆိုတာ ဖျော်ဖြေရေးအတွက် မရှိမဖြစ်ပစ္စည်း ၊ အလုပ်နဲ့ ဆက်သွယ်ရေးအတွက် အရေးကြီးဆုံး Personal Device ၊ ဘဏ်ဝန်ဆောင်မှုတွေ ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ ထားရှိရာနေရာ ဖြစ်ပါတယ်။

Photo: Freepik

တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ ဖုန်းကို တကယ် Care လုပ်မိသလားဆိုရင်တော့ မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ ဖုန်းတစ်လုံးမှာ ညစ်ပတ်ပေရေမနေနိုင်အောင် ၊ ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေ မရှိအောင် သန့်ရှင်းရေးမလုပ်ဖြစ်တာ ခပ်များများ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ ဖုန်းတစ်လုံးရဲ့ Operating System စွမ်းဆောင်ရည် ကောင်းမွန်အောင် Restart လုပ်မှုကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။

စမတ်ဖုန်းရေးရာ ကျွမ်းကျင်သူတွေကတော့ ဖုန်းတစ်လုံးဟာ တစ်ပတ်မှာ တစ်ကြိမ် တစ်မိနစ်လောက် စက်ပိတ်ပြီး အနားပေးသင့်တယ်လို့ ဆိုပါတယ်။ အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် စမတ်ဖုန်းတစ်လုံးကို Restart ပေးသင့်တဲ့ အကြောင်းရင်းက ဖုန်း Memory ကို ထိန်းသိမ်းနိုင်ဖို့ ၊ ဖုန်းစက်လုပ်ဆောင်မှု မပျက်စီးအောင် ကာကွယ်နိုင်ဖို့ ၊ ပိုပြီး ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ဖို့နဲ့ ဘက်ထရီသက်တမ်း တာရှည်ခံဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

Photo : Freepik

ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ နေ့တိုင်း Apps ကို မပိတ်တမ်း ဖွင့်သုံးလေ့ ရှိကြပါတယ်။ ဖုန်း Apps တွေ များများဖွင့်လေလေ ဖုန်းဘက်ထရီပါဝါနဲ့ Memory တွေစားလေလေပါပဲ။ ဖုန်းကို Restart လုပ်ခြင်းအားဖြင့် ဖုန်းလုပ်ဆောင်မှုစနစ် အမှားတွေနဲ့ Crashes ဖြစ်နေတဲ့ အပိုင်းတွေကို ဖြေရှင်းပေးနိုင်ပြီး ဖုန်းရဲ့ အလုပ်လုပ်မှုကို ပိုကောင်းစေနိုင်ပါတယ်။ ဒီတော့ ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်ချက်တွေနဲ့ Memory တွေ ထိန်းသိမ်းဖို့ အနည်းဆုံး တစ်ပတ်တစ်ခါတော့ Restart လုပ်သင့်ပါတယ်။