လူ့ဘဝရဲ့သုံးပုံတစ်ပုံလောက်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ရောစိတ်ပါကျန်းမာဖို့အတွက် အိပ်စက်ခြင်းကအဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေသလို ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အရှိအတိုင်း ထုတ်ပြတတ်တဲ့အချိန်ဆိုတာရော သင်သိပြီးပြီလား။

သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ သင်အိပ်စက်နေစဥ်မှာတောင် သင့်ရဲ့ခန္ဓာကိုယ်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်တန့်မသွားဘူးဆိုတာပါပဲ။ ဒီတော့ အသိစိတ်ကင်းမဲ့နေချိန်မှာ ဘယ်လိုလှုပ်ရှားမှုတွေက ကိုယ့်ရဲ့ ပင်ကိုယ်အမူကျင့်တွေ ဖော်ပြတတ်တယ်၊ ဘယ်လိုကိုယ်နေဟန်ထားက သက်တောင့်သက်သာနဲ့ အိပ်ပျော်စေနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) အမိဝမ်းဗိုက်ထဲမှာ ရှိနေသလို အိပ်စက်ခြင်း

Curl up like a baby

Photo : Reader’s Digest

ခန္ဓာကိုယ်ရဲ့ တစ်ဖက်ဖက်ကိုစောင်းပြီး ခြေလက်များကိုကွေးကာ အမိဝမ်းတွင်းကသန္ဓေလောင်းလို အိပ်စက်ခြင်းမျိုး ဖြစ်ပါတယ်။ ဒီလိုအိပ်စက်တတ်သူတွေဟာ များသောအားဖြင့် အပြင်ပိုင်းမာကြောတယ်ထင်ရပေမဲ့ အတွင်းစိတ်နူးညံ့ထိရှလွယ်နေတတ်ပါတယ်။ အမျိုးသားတွေထပ် အမျိုးသမီးများမှာ ၂ဆပိုတွေ့ရတတ်ပြီး ထိုသူတွေဟာစစချင်းရှက်ကြောက်တတ်ပေမဲ့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေချောမွေ့တတ်ကြပါတယ်။

(၂) သစ်တုံးတစ်ခုလို ငြိမ်သက်စွာ အိပ်စက်ခြင်း

Sleeping like a log
Photo : Reader’s Digest

ခန္ဓာကိုယ်ကို ကွေးကောက်မနေပဲ တစ်ဖက်သို့စောင်းကာ ကိုယ်ခန္ဓာကိုတစ်ဖြောင့်တည်း အိပ်စက်ခြင်းမျိုး ဖြစ်ပါတယ်။ အဲ့လိုအိပ်စက်တတ်သူတွေဟာ အပေါင်းသင်းများပြီး ပျော်ပျော်နေတတ်ကြပါတယ်။ တစ်ခါမှမတွေ့ဖူးသူတွေကိုတောင် ယုံကြည်ပေးနိုင်တဲ့ထိ ပေါ့ပါးလွတ်လပ်တဲ့ အကျင့်လေးရှိတတ်ပါတယ်။

(၃) မျက်နှာကို ခေါင်းအုံးမှာအပ်ပြီး မှောက်အိပ်တတ်ခြင်း

Tummy time

Photo : Reader’s Digest

ငယ်ငယ်ကအတန်းထဲမှာ မှောက်အိပ်သလိုမျိုး ခေါင်းအုံမှာမျက်နှာအပ်ပြီး ခန္ဓာကိုယ်ကိုမှောက်ကာ အိပ်စက်ခြင်းမျိုးဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်မိခင်များ၊ လည်ပင်းနှင့်ကျောရိုး အနာတရဖြစ်ဖူးသူများ အထူးရှောင်ကြဥ်သင့်တဲ့ အိပ်စက်ခြင်းမျိုးဖြစ်ပါတယ်။ အပေါင်းသင်းများပေမဲ့ ဆတ်ဆတ်ထိမခံတတ်တဲ့ စိတ်ထားမျိုးကို ပိုင်ဆိုင်သူများဖြစ်လေ့ရှိပါတယ်။

(၄) ဘယ် သို့မဟုတ် ညာဘက် စောင်းအိပ်ခြင်း

But which side
Photo : Reader’s Digest

ကျွန်တော်တို့အတော်များများ အိပ်စက်နေကြအနေအထားတစ်မျိုးဖြစ်ပြီး လေ့လာတွေ့ရှိချက်များအရ ဆေးလိပ်၊ကော်ဖီကြိုက်တတ်သူတွေဟာ ညာဘက်စောင်းအိပ်လေ့ရှိကြပြီး လူအများနဲ့ထိတွေ့ဆက်ဆံရသူတွေဟာ ဘယ်ဘက်စောင်းအိပ်လေ့ရှိကြပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းဟာ အစာအိမ်ကိုဖိထားသလိုဖြစ်တတ်ပြီး အက်စစ်များပိုထွက်စေတတ်တာကြောင့် နှလုံးလေဟပ်ခြင်းကဲ့သို့ လက္ခဏာမျိုးကိုခံစားရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ကျ သန္ဓေသားအတွက် လိုအပ်တဲ့အစာအာဟာရကို ပိုမိုရရှိစေတတ်လို့ ဘယ်ဘက်စောင်းအိပ်ပေးသင့်ပါတယ်။ ညာဘက်စောင်းအိပ်ခြင်းကတော့ နှလုံးကိုဖိအားလျော့နည်းစေလို့ နှစ်ခြိုက်စွာအိပ်မောကျစေနိုင်ပါတယ်။

Featured Photo : Reader’s Digest