ဒေါ့မွန်ကြယ်ပွင့် သောမတ်စ်ဒီလာနေးက ဂျေဒန်ဆန်ချိုဟာ ၎င်းတွဲကစားခဲ့ဖူးသမျှထဲမှာ အကြီးမားဆုံးပါရမီရှင်တွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲမက်ဒရစ်တို့လိုအသင်းမျိုးတွေနဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဖိအားကို စတင်ခံစားနေရတယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဆန်ချိုဟာ ယခုရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ တောက်ပတဲ့စွမ်းဆောင်ရည်ကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်မီ ဥရောပထိပ်သီးအသင်းတွေအတွက် အချက်ပေးသံဖြစ်လာခဲ့တာဖြစ်ပါတယ်။
Photo: manchestereveningnews
ပြီးခဲ့တဲ့လက သတင်းတွေရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပေမယ့် ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့က ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၁၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဂျေဒန်ဆန်ချိုဟာ ဝုဖ်ဘတ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေထွက်ပေါ်နေချိန်မှာ လူငယ်ကြယ်ပွင့်ရဲ့ စိတ်အခြေအနေကို မေးခွန်းထုတ်မှုတွေရှိနေတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သောမတ်စ်ဒီလာနေးက ၎င်းရဲ့ အသင်းဖော်ဆန်ချိုနဲ့ပတ်သက်ပြီး ESPN ကို အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
“သူက ကျွန်တော် ကစားခဲ့ဖူးသမျှထဲမှာ ပါရမီအရင့်သန်ဆုံးကစားသမားတွေထဲကတစ်ဦးဆိုတာ ရှင်းပါတယ် ။ အဲဒီပါရမီနဲ့အတူ ဖိအားတွေအများကြီးကလည်း ရှိနေပြီး အင်္ဂလန်ကလပ်အသင်းတွေ အခု သူ့နားမှာ ဝိုင်းနေတာနဲ့ပတ်သက်ပြီး တဖြည်းဖြည်း သူ စခံစားနေရပြီလို့ ထင်ပါတယ်”
“ဒီအခြေအနေမတိုင်ခင်အထိတော့ သူက အရမ်းကောင်းမွန်စွာစွမ်းဆောင်နိုင်တဲ့ ပါရမီရှိနေခဲ့သူဖြစ်ပြီး သူ မျှော်လင့်ထားတာထက်ကို ပိုပြီး ကောင်းမွန်စွာနဲ့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်တဆင့်ဆိုတာက အမြဲတမ်းရှိနေမှာဖြစ်ပြီး အဲဒါက စိတ်ဝင်စားစရာဖြစ်လာမှာပါ။ သူ့ရဲ့ကစားသမားဘ၀ နောက်တစ်ဆင့်နဲ့ သူ့ရဲ့တိုးတက်မှုပါ”
Photo: Pinterest
“ကစားသမားတစ်ယောက်အနေနဲ့ သူ့အတွက် ဘယ်လို နည်းစနစ်ပိုင်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်မှုမျိုးရှိမှရှိမယ်လို့ မထင်ပါဘူး။ သူ အဲဒီမှာလည်း ခြေစွမ်းပြသနိုင်မှာပါ။ ဒါပေမယ့် သူ့ရဲ့ခေါင်းထဲမှာ မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။ သူ စိုက်ထုတ်လိုက်တဲ့ အားထုတ်မှုနဲ့ ကံတရား၊ ဒဏ်ရာရရှိမှုနဲ့ တခြားကိစ္စတွေပေါ့”
“ဒါပေမယ့် သူ့ရဲ့ စွမ်းရည်ကိုပဲကြည့်မယ်ဆိုရင် သူက ကမ္ဘာပေါ်မှာ အကြီးမားဆုံးကစားသမား ၅ ဦးထဲက တစ်ဦးဖြစ်လာလိမ့်မယ်ဆိုတာ လုံး၀ သေချာပါတယ် ။ ပါရမီရှိပြီး လမ်းဘေးရောက်သွားတဲ့လူတွေကို ခင်ဗျား မြင်မှာပါ။ သူက သူ့ကိုယ်သူ လုံလုံလောက်လောက် သက်သေပြသပြီးသားကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။