ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ခီလီယန် အမ်ဘာပေ၊ နေမာတို့ထက် လူကာကူးက နည်းပြပေးရတာ ပိုမိုလွယ်ကူတယ်လို့ ပြောကြားခဲ့ပြီး အသင်းဟောင်း ပီအက်စ်ဂျီအသင်းနဲ့တုန်းက အချိန်တွေနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

Thomas Tuchel At PSG

Photo: Goal.com

တူဟယ်ဟာ ပီအက်စ်ဂျီအသင်းကို ၂ နှစ်တာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို လစ္စဘွန်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဂျာမန်လူမျိုးနည်းပြကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့ပြီးနောက် ဇန်နဝါရီလမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိခဲ့တဲ့ တူဟယ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်အောင်ပွဲကို အံ့အားသင့်ဖွယ် ရယူနိုင်ခဲ့သလို ယခုရာသီ ဆုဖလားစိန်ခေါ်သူအဖြစ် ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အီတလီသတင်းဌာန La Gazzetta dello Sport က စီစဉ်တဲ့ ‘Festival dello Sport’ ကို တက်ရောက်ခဲ့တဲ့ တူဟယ်က ချဲလ်ဆီး၊ ပီအက်စ်ဂျီအသင်းနဲ့ ကြယ်ပွင့်ကစားသမားတွေကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ ပေါင် ၉၇ သန်းတန် တိုက်စစ်မှူး လူကာကူးကို ပီအက်စ်ဂျီ ကြယ်ပွင့်တွေဖြစ်တဲ့ နေမာ၊ အမ်ဘာပေတို့နဲ့ နှိုင်းယှဉ်ထားတဲ့အမြင်ကို အီတလီသတင်းဌာနက ၎င်းတို့ရဲ့ ‘Sportsweek’ မဂ္ဂဇင်းမှာ ထည့်သွင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

Neymar and Mbappe

Photo: L’Equipe

“နေမာ ဒါမှမဟုတ် အမ်ဘာပေထက် လူကာကူးက နည်းပြရတာ ပိုပြီး လွယ်ကူပါတယ်”လို့ တူဟယ်က ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ကြားက ကွာခြားချက်မှုကို သုံးသပ်ရာမှာ တူဟယ်က ပဲရစ်မှာ ရှိနေစဉ်တုန်းက ၎င်းရဲ့ ဆွေးနွေးညှိနှိုင်းရေးစွမ်းရည်ကို အသုံးပြုဖို့ လိုအပ်ခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“သူတို့တွေက စတိုင်လ်၊ အဖွဲ့အစည်းပုံစံ စတာတွေနဲ့ ပတ်သက်ပြီး လုံးဝကို ကွဲပြားခြားနားတဲ့အသင်း ၂ သင်းပါ။ ပီအက်စ်ဂျီမှာတုန်းက ကျွန်တော်က အားကစားဝန်ကြီးဖြစ်ခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော်က ကြယ်ပွင့်ကစားသမားတွေရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကိုပါ စီမံခန့်ခွဲပေးခဲ့ရပါတယ်။ ချဲလ်ဆီးမှာတော့ ကျွန်တော် အများကြီး ပိုပြီး အေးအေးဆေးဆေး အလုပ်လုပ်နိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Featured Photo: MARCA