ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ အသင်းထဲမှာ ဘယ်ဂျီယမ်ကြယ်ပွင့်တိုက်စစ်မှူး လူကာကူးမပါဝင်ရင် ကစားပုံ ပိုမိုကောင်းမွန်တယ်ဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

Chelsea team training at Cobham

Photo: Football.london

ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ခြေချင်းဝတ်ဒဏ်ရာပြဿနာကြောင့် ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ၇ ပွဲစလုံးကို လွဲချော်ခဲ့သူဖြစ်ပြီး ယခုအပတ် မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လူကာကူ မပါဝင်တဲ့အချိန်မှာ ရှုံးပွဲမရှိ စံချိန် ရရှိနေခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် သောမတ်စ် တူဟယ်ရဲ့အသင်းဟာ ၎င်းတို့ရဲ့ ပေါင် ၉၇.၅ သန်းတန် တိုက်စစ်မှူး မပါဝင်ဘဲ ပိုပြီးတောင် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ တူဟယ်က ဒဏ်ရာမရရှိခင် ချဲလ်ဆီးအတွက် နောက်ဆုံး ၇ ပွဲစလုံးမှာ ဂိုးမသွင်းယူနိုင်ခဲ့တဲ့ လူကာကူးဟာ အသင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Thomas Tuchel

Photo: Daily Star

“လူတွေ ဘာကြောင့် ဒီလိုတွေ ပြောနေရလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ လူတွေက လွယ်ကူတဲ့ အဖြေကို အမြဲတမ်း ရှာဖွေနေကြတာမို့လို့ပါ။ လူတွေက အရာအားလုံးကို ပုံစံတစ်ခု ဒါမှမဟုတ် တခြားပုံစံတစ်ခုနဲ့ သွားဖို့ အကြောင်းအရင်းတစ်ခုကို ရှာဖွေတတ်ကြပါတယ်။ ဒါပေမယ့် ဘဝဆိုတာက အဲဒီလို မဟုတ်ပါဘူး။ ဘဝဆိုတာက မလွယ်ကူပါဘူး။ ဘောလုံးအသင်းထဲက ဘဝက အဲဒီလိုပဲ မလွယ်ပါဘူး”

“ကျွန်တော်တို့ အခုအချိန်မှာ တောက်ပနေတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက လူကာကူက အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့လို့ပါ။ သူ ကျွန်တော်တို့အတွက် အရမ်း အဆုံးအဖြတ်ပေးနိုင်တဲ့ဂိုးတွေ သွင်းယူပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ကို လူငယ်ကစားသမားတွေနဲ့ တခြားကစားသမားတွေ သယ်ဆောင်သွားနိုင်မယ့် အနေအထားတစ်ခုကို ပို့ပေးခဲ့ပြီးပါပြီ။ အဲဒီတော့ အသင်းက ကစားသမားတွေက နေရာဝင်ယူပြီး သူတို့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့တာပါ”

“ကျွန်တော်တို့ တောင့်တောင့်တင်းတင်းနဲ့ ရာသီကို လူကာကူနဲ့အတူ စတင်ခဲ့တယ်။ သူ အဝတ်လဲခန်းထဲမှာ ရှိနေတဲ့အချိန်၊ အဆောက်အအုံထဲမှာရှိနေတဲ့အချိန်၊ သူ ဒဏ်ရာရနေတဲ့အချိန်မှာတောင် သူ ယူဆောင်ပေးခဲ့တဲ့အရာက စိတ်ပိုင်းဖြတ်မှုဖြစ်ပြီး သူက ဒီမှာ နေ့တိုင်းရှိနေပါတယ်။ သူ အားလုံးကို တွန်းအားပေးတယ်။ သူက ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်ပါ။ သူက သာမန်ထက် ပိုတဲ့ကစားသမားဖြစ်လာမှာဖြစ်ပြီး သူက အမှန်တကယ်လည်း အခုအချိန်မှာ အရမ်းအရေးပါပါတယ်”

Chalobah Celebrated after scored against Juventus

Photo: Evening Standard

“သူရယ်၊ ကိုဗာဆစ်ရယ်၊ တီမို ဗာနာရယ်၊ ပူလီရှစ်ရယ် မပါဝင်ဘဲ ကျွန်တော်တို့ အချိန်ကာလကြာရှည် ရှင်သန်နိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ အဲဒါက အသင်းက လုံးဝကို စနစ်တကျသွားနေတယ်ဆိုတာကို ပြသနေတာဖြစ်ပြီး အသင်းတိုင်းလိုပဲ ကျွန်တော်တို့ ထိပ်တန်းအရည်အသွေးတွေအပေါ်မှာ မှီခိုရပေမယ့် သူတို့တွေက ကွင်းထဲမှာ ပါဝင်နိုင်မှုထက် အများကြီး ပိုတဲ့ဟာတွေ ယူဆောင်ပေးနေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ ဒဏ်ရာရနေတဲ့အချိန်မှာ အားလုံးကို လွမ်းဆွတ်မိပြီး လူကာကူးကို ကျွန်တော်တို့ အရမ်းလွမ်းပါတယ်”

“လူကာကူးရဲ့ တွန်းအားပေးမှုတွေကြောင့် ကျွန်တော်တို့ အဖြေပိုရှာနိုင်ပြီး အသင်းလည်ပတ်မှုလည်း ပိုကောင်းလာတာပါ။ သူက ဒီမှာ ရှိနေပြီး အခုထိ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲပါပဲ။ တစ်ခုခုဆို လူတွေမှာ မတူကွဲပြားတဲ့အမြင်တွေ ရှိပြီး အဲ့ဒီပေါ် ကိုယ်ထင်ရာပြောကြတာက ပိုလို့ ရှုပ်ထွေးစေပါတယ်။ ပြိုင်ဘက်တွေ ရှိတာ ကောင်းပါတယ်။ ပြိုင်ပွဲတွေက ပိုကောင်းစေတယ်လေ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro