အရက်ဆိုတာ အလွန်အကျွံသောက်သုံးရင် အန္တရာယ်ရှိနိုင်သလို မသောက်သင့်တဲ့အချိန်တွေမှာသောက်မိရင်လည်း ဘေးဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အရွယ်ရောက်ပြီးသား ယောကျာ်းများအနေနဲ့ နည်းနည်းပါးပါးသောက်တယ်ဆိုရင်တော့ အခုပြောပြတဲ့အချိန်တွေမှာအရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ဖို့ အကြံပြုချင်ပါတယ်။
(၁) ဆေးဝါးများမသောက်မီနှင့်သောက်ပြီးချိန်
အရက်ကို ဆေးဝါးတွေနဲ့ တွဲဖက်မသောက်မိဖို့ အထူးဂရုစိုက်သင့်ပါတယ်။ အဓိကအားဖြင့် စိတ်ငြိမ်ဆေးလို ဆေးဝါးတွေ ၊ အကိုက်ခဲပျောက်ဆေးလိုဆေးဝါးတွေနဲ့ အချိန်နီးနီးကပ်ကပ် မသောက်မိဖို့လိုပါတယ်။
(၂) လေကြောင်းခရီးသွားနေချိန်
ခရီးရှည်သွားရတဲ့လေကြောင်းလိုင်းတွေမှာ အခမဲ့သောက်သုံးခွင့်ရှိတဲ့ အဖျော်ယမကာတွေကို အများကြီးမသောက်မိဖို့ သတိပြုသင့်ပါတယ်။ လေယာဉ်ပေါ်မှာ အရက်မှီဝဲသောက်သုံးတာက မြေပြင်မှာထက် ရေဓာတ်ခမ်းခြောက်မှုပိုဖြစ်စေပြီး အားအင်ကုန်ခမ်းခြင်း မူးဝေခြင်း နားအူခြင်း အရက်နာကျခြင်းတွေ ပိုဖြစ်နိုင်ပါတယ်။
(၃) စိတ်ဓာတ်ကျနေချိန်
စိတ်ခံစားမှုမကောင်းချိန်မှာ လက်တလောစိတ်သက်သာမှုရဖို့ အရက်သောက်တက်ကြပေမယ့် ရေရှည်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ စိတ်ကျရောဂါခံစားနေရချိန်မှာတော့ အရက်ကမရွေးချယ်သင့်တဲ့ အရာတစ်ခုပါ။ အရက်က စိတ်ခံစားမှုကိုပိုဆိုးစေတာကြောင့် သင့်အနေနဲ့ စိတ်ဓာတ်ကျခြင်း (သို့) စိုးရိမ်ပူပန်ခြင်းများခံစားနေရရင် အရက်ထက် စိတ်ကျန်းမာရေးပညာရှင်ရဲ့လမ်းညွှန်ကုသမှုသာ ခံယူသင့်ပါတယ်။
(၄) အိပ်ရာဝင်ချိန်
အိပ်ရာဝင်ခါနီး ဝိုင်တစ်ခွက်လောက်သောက်တာက အိပ်စက်ခြင်းကိုပိုကောင်းစေပေမယ့် အရက် ပမာဏအများအပြားသောက်သုံးခြင်းကတော့ သင့်ရဲ့ အိပ်စက်မှုအရည်အသွေးကိုကျစေပြီး ကောင်းစွာအိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် အရက်သောက်ပြီးအိပ်ရာဝင်ပါက အိပ်ပျော်နေစဉ်အသက်ရှုကျပ်ခြင်းကဲ့သို့ အခြေအနေတွေလည်း ဖြစ်စေနိုင်ပါတယ်။
Photo : Freepik