မကြာခင်မှာ ချစ်သူစုံတွဲတွေအတွက် ကြည်နူးစရာနေ့ရက်လေး ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ စုံတွဲဖက်ရှင်လေးတွေ ဝတ်ဆင်ပြီး အပီပြင်ရှိုးထုတ်ကြဖို့ တွေးထားကြသူတွေလည်း ရှိကြမယ် ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့စုံတွဲဖက်ရှင်လေးတွေဝတ်တဲ့အခါ စတိုင်ကျပြီး လိုက်ဖက်မှုရှိနေစေဖို့ ဖက်ရှင်အကြံပြုချက်လေးတချို့ကို မျှဝေပေးသွားချင်ပါတယ်။
(၁) T-Shirt ဆင်တူဝတ်ပါ
Photo : Free Mockup
Classic T-Shirt တွေက ရိုးရိုးရှင်းရှင်းနဲ့ ဘယ်တော့မှ ဒိတ်အောက်မသွားတဲ့ စုံတွဲဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ဆင်တူ Graphic Tees တွေ ၊ ရိုးရိုးရှင်းရှင်း ပြောင် T-Shirt လေးတွေနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ စာတန်းလေးတွေ ၊ ရုပ်ပုံလေးတွေပါတဲ့ T-Shirt လေးတွေကို ဆင်တူဝတ်ဆင်ပြီး ရှိုးထုတ်လို့ ရပါတယ်။
(၂) အရောင်ရွေးချယ်မှုမှန်ကန်ပါစေ
Photo : Creatrip
စုံတွဲဖက်ရှင်ဝယ်ဆိုရင် အရောင်ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ချစ်သူနှစ်ဦးအတွက် တူညီတဲ့အရောင် သို့မဟုတ် လိုက်ဖက်မှုရှိတဲ့ အရောင်လေးတွေကို ရွေးချယ်သင့်ပါတယ်။ ဆင်တူအင်္ကျီလေးတွေ မဟုတ်ဘူးဆိုရင်တောင် ဝတ်ထားတဲ့ အရောင်ချင်းတော့ လိုက်ဖက်ပြီး တူညီမှု ရှိနေရမှာပါ။ အကောင်းဆုံးကတော့ အပြာနုရောင် ၊ monochrome နဲ့ earth tone တွေလို မနုလွန်း မရင့်လွန်းတဲ့ neutral color လေးတွေ ရွေးချယ်ဝတ်ဆင်မယ်ဆိုရင် အလိုက်ဖက်ဆုံး ဖြစ်စေမှာပါ။
(၃) Shoes ဆင်တူ စီးပါ
Photo : Freepik
စုံတွဲဖက်ရှင်လို့ပြောရင် အဝတ်အစားတွေလောက်ပဲ အာရုံစိုက်မိတာ များပါတယ်။ တကယ်တော့ Shoes ဆင်တူဝတ်တာကလည်း ချစ်သူနှစ်ဦးကို တကယ်ပဲ လိုက်ဖက်မှုရှိရှိနဲ့ ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။ ချစ်ခြင်းနဲ့ စင်ကြယ်ခြင်းသဘောကိုဆောင်တဲ့ အဖြူရောင် Sneakers လေးတွေကို ပိုပြီး ဦးစားပေးရွေးချယ်ပါ။ နောက်ပြီး ဆွဲကြိုး၊ လက်စွပ် ၊ နာရီ စတဲ့ ဖက်ရှင် accessories လေးတွေကိုလည်း လိုက်ဖက်မှုရှိရှိဆင်တူဝတ်ဆင်ဖို့ မမေ့ပါနဲ့။
(၄) Hoodies ဝတ်ပါ
Photo : Champion Hoodie
လူငယ်ဆန်ပြီး အထာကျချင်တဲ့ ချစ်သူစုံတွဲတွေအတွက်တော့ Hoodies ဖက်ရှင်တွေက အကောင်းဆုံး ဖြစ်ပါတယ်။ ရာသီဥတု အေးနေတဲ့အချိန်လည်းဖြစ်တော့ Hoodies ဖက်ရှင်လေးတွေနဲ့ ရှိုးထုတ်မယ်ဆိုရင် အလိုက်ဖက်ဆုံးဖြစ်စေမှာပါ။ Hoodies တွေက ဝတ်ရတာ လွတ်လပ်ပေါ့ပါးမှုရှိပြီး စတိုင်ကျစေတဲ့အတွက် ချစ်သူများနေ့မှာ ဆင်တူ Hoodies ဖက်ရှင် လေးတွေနဲ့ ရှိုးထုတ်ဖို့လည်း အကြံပြုချင်ပါတယ်။
Featured Photo : Champion Hoodie