ဆန့်ကျင်ဘက်အမျိုးသမီးတိုင်းရဲ့ အာရုံစိုက်မှုခံချင်ကြတာ အမျိုးသားတိုင်းရဲ့ ဆန္ဒတစ်ခုပါ။ ဒီလိုအမျိုးသမီးတွေရဲ့ အာရုံစိုက်မှုရရှိဖို့အတွက် ကိုယ့်ရဲ့ အပြောအဆိုအနေအထိုင်က အရေးကြီးသလို ဝတ်ဆင်တဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဖက်ရှင်ကို အလေးထားလာတဲ့ခေတ်မှာ ကပိုကရိုဝတ်စားဆင်ယင်နေတုန်းပဲ ဆိုရင်တော့ ဘယ်မိန်းကလေးမှ သဘောကျမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတိုင်းရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်မယ့် အမျိုးသားတို့ရဲ့ ဝတ်စားဆင်ယင်မှုပုံစံလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) သန့်ရှင်းသပ်ရပ်မှုရှိပါ

Source : Corporate Bytes

သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်တဲ့သူတွေဟာ လူအများရဲ့ အထင်ကြီးလေးစားမှု ပိုခံရပါတယ်။ အမျိုးသမီးတွေရဲ့ စိတ်အာရုံမှာလည်း သန့်ရှင်းသပ်ရပ်စွာဝတ်စားတတ်တဲ့ အမျိုးသားတွေကို နံပါတ်တစ်နေရာမှာ ထားတာဖြစ်ပါတယ်။ အင်္ကျီအသစ် ဘောင်းဘီအသစ်တွေ အမြဲဝတ်ဆင်နေမှမဟုတ်ပါဘူး ရှိတဲ့အဝတ်အစားတွေကိုပဲ သန့်ရှင်းစင်ကြယ်စွာလျော်ဖွတ်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားမယ်ဆိုရင် အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ အမျိုးသားတစ်ယောက်ဖြစ်မှာသေချာပါတယ်။

(၂) လိုက်ဖက်မှုရှိစွာ ရွေးချယ်ပါ

Source : Luxe Digital

ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ အပြစ်ဆိုစရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အညီလိုက်ဖက်စွာ မဝတ်ဆင်ရင်တော့ အပြစ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အညီ လိုက်ဖက်စွာဝတ်ဆင်တတ်ခြင်းဟာ ဆွဲဆောင်မှုရှိခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ပွလွန်းတဲ့အဝတ်အစားတွေ ကျပ်လွန်းတဲ့အဝတ်အစားတွေကို လက်ရှောင်ပြီး ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ အဝတ်အစားတွေကို သေချာရွေးချယ်ဝတ်ဆင်တတ်ဖို့ အကြံပြုချင်ပါတယ်။

(၃) မှန်ကန်တဲ့အရောင် ရွေးချယ်ပါ

Source : Kilimall

ကိုယ်ရဲ့ အသားအရောင်နဲ့ လိုက်ဖက်မှုမရှိတဲ့ ဖက်ရှင်အရောင်တွေ ဝတ်ဆင်ခြင်းဟာ တော်တော်လေးကိုကြည့်ရဆိုးစေပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အမြင်မှာ သင်တွဲဖက်ဝတ်ဆင်ထားတဲ့ ဖက်ရှင်အရောင်တွေဟာ ခပ်ကြောင်ကြောင်မနိုင်ဘဲ မြင်တာနဲ့ အထာကျတယ်လို့ မှတ်ချက်ပေးရလောက်တဲ့အထိ ဖြစ်နေမှ သူမစိတ်ကို အကောင်းဆုံးဖမ်းစားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ဝတ်ဆင်ထားတဲ့အရောင်တွေဟာလည်း လိုက်ဖက်နေမှသာ ကိုယ်ကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့သွားလာနိုင်မှာ ဖြစ်ပါတယ်။

(၄) အမြင်ရှုပ်စေတဲ့ Accessories ပစ္စည်းတွေရှောင်ပါ

Source : Abdulramon Elegushi

အမျိုးသားတော်တော်များများ ကိုယ့်ရဲ့ ဖက်ရှင်ကို အားဖြည့်ဖို့အတွက် Accessories ပစ္စည်းတွေ ဝတ်ဆင်လေ့ရှိကြပါတယ်။ သို့ပေမယ့် အရမ်းရှုပ်ရှက်ခတ်နေတဲ့ Accessories ပစ္စည်းတွေက မိန်းကလေးအမြင်မှာ လုံးဝကြည့်ကောင်းမှာမဟုတ်ဘူး။ ဆွဲကြိုး ၁ ကုံးထက်ပိုပြီးဝတ်ဆင်တာတွေ ၊ လက်ပတ်များစွာဝတ်ဆင်တာတွေ၊ ခါးပတ်ခေါင်းကြီးကြီးနဲ့ ခါးပတ်မျိုးဝတ်ဆင်တာတွေဟာ ဖက်ရှင်အမြင်အရ အနည်းငယ်အရိုင်းဆန်တဲ့ဘက်ကို ရောက်စေတာကြောင့် ဒီလို Accessories ပစ္စည်းတွေကို ရှောင်တာအကောင်းဆုံးဖြစ်ပါတယ်။