ဆံကေသာ ကျန်းမာ ထူထဲခြင်း၊ ဆံပင်ကျွတ်ကာ တဖြည်းဖြည်း ပါးလာခြင်းတို့သည် သင် စားသုံးတဲ့ အစားအသောက် သင် နေထိုင်ပြုမူတဲ့ အမူအကျင့်များပေါ် အများကြီး မူတည်ပါတယ်။
ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်များ စားသုံးနေမယ် ညစဉ်ရက်ဆက် အိပ်ရေးတွေ ပျက်နေမယ်ဆိုရင်တော့ အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာသည်နှင့်အမျှ သင့်ဆံကေသာသည်လည်း တဖြည်းဖြည်း ပါးသွားကာ ထိပ်ပြောင်သွားမှာပဲဖြစ်ပါတယ်။
အသက်တဖြည်းဖြည်း ကြီးလာပြီး ဆံပင်တဖြည်းဖြည်း ကျွတ်လာကာ ထိပ်ပြောင်သွားမှာကို ကြောက်ကြတဲ့ ယောကျာ်းများအတွက် သိထားသင့်တဲ့ အကြောင်းအရာတချို့ကို ဝေမျှပေးချင်ပါတယ်။
ဘာ့ကြောင့် တဖြည်းဖြည်း ဆံပင်ကျွတ်လာရသလဲ။ ဆံပင်ကျွတ်ခြင်းမှ ဘယ်လိုကာကွယ်ရမလဲ။
သင် သောက်သုံးနေတဲ့ ဆေးဝါးများကြောင့်

သင် သောက်သုံးနေတဲ့ ဆေးဝါးတွေကို တစ်ချက်ပြန်စစ်ကြည့်ပါ။ တချို့ဆေးဝါးများသည် သင့်ကို ဆံပင်သိသိသာသာ ကျွတ်စေပါတယ်။ ဒါ့ကြောင့် သင် သောက်သုံးနေရတဲ့ ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးများကို စိုးရိမ်တယ်ဆိုရင် သင့်ဆရာဝန်နဲ့ သေချာတိုက်ပင်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
သင် စားသုံးနေတဲ့ အစားအစာများကြောင့်

သင် စားသုံးနေတဲ့ အစားအစာများက အာဟာရမျှတစွာ ပါဝင်ရဲ့လား။ သင် စားသုံးတဲ့ အစားအစာများထဲတွင် Antioxidants ၊ သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် ဘီ၊ ပရိုတင်းဓာတ်နှင့် ဘိုင်အိုတင်းဓာတ်များ ပါဝင်ရဲ့လားဆိုတာကို ပြန်ဆန်းစစ်ပါ။ ထိုအာဟာရဓာတ်များသည် သင့်ဆံကေသာကို အားဖြည့်ပေးတာကြောင့် ဆံကေသာ ကျန်းမာသန်စွမ်းပြီး တောက်ပြောင်လာပါလိမ့်မယ်။
အိပ်ချိန်မမှန်ခြင်း

သင့်ရဲ့အိပ်စက်ချိန် ကမောက်ကမဖြစ်သွားသည်နှင့်တပြိုင်နက် သင့်ဆံကေသာမွှေးညှင်းပေါက်လေးတွေရဲ့ တာဝန်ဝတ္တရားများသည်လည်း ကမောက်ကမဖြစ်သွားတတ်ပါတယ်။ ညဘက် အိပ်မပျော်တဲ့ ရောဂါသည်လည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုတာကြောင့် အတတ်နိုင်ဆုံး အိပ်ချိန်စက်ဝန်းကို မှန်ကန်အောင် ကြိုးစားဖို့လိုပါတယ်။
စိတ်ဖိစီးမှုများခြင်း

သင် စိတ်ဖိစီးမှု များနေတဲ့အချိန်မှာ ဆံပင်ပိုကျွတ်တာကို သတိထားမိပါသလား။ စိတ်ဖိစီးမှုကြောင့် ဆံကေသာရဲ့မွှေးညှင်းပေါက်လေးတွေသည်လည်း လိုအပ်တဲ့ အာဟာရဓာတ်များကို ရရှိမှုနှေးကွေးသွားပြီး ဆံပင်တဖြည်းဖြည်းကျွတ်ကာ ပါးလာတတ်ပါတယ်။ ဒါ့ကြောင့် မရေမရာ မသေချာတဲ့ လောကကြီးမှာ ဘယ်အရာကိုမျှ မစိုးရိမ်ဘဲ ပျော်ပျော်သာ ဖြတ်သန်းလိုက်ပါ။
Source: Apetogentleman.com
Featured Image Source: Cheatsheet.com
