အသက် ၃၀ ထဲ ရောက်ပြီဆိုရင် အမျိုးသားတွေဟာ ခန္ဓာပိုင်း အပြောင်းအလဲတွေ ဖြစ်လာပါပြီ။ လူကအဆီကြောင့် ဝိတ်တက်လာပြီး ရုပ်ရင့်လာတာမျိုးတွေအပြင် အနေအထိုင်နဲ့ စားသောက်မှုပုံစံ အလွဲတွေကြောင့် ဆံပင်ကျွတ်တာ ၊ ဆံပင်ပါးတာတွေပါ ဖြစ်လာတတ်ပါတယ်။

ဆံပင်ကျွတ်တဲ့ အကြောင်းအရင်းက အတော်များပါတယ်။ လူရဲ့ Life Style ကြောင့် ၊ ရောဂါကြောင့် ၊ ဖိအားများတဲ့ အလုပ်ခွင်မှာ ကြာကြာနေခဲ့ရတာ ကြောင့် ၊ ကိုယ်ခံအားစနစ် အပြောင်းအလဲကြောင့် ၊ အစားအသောက်ကြောင့် ၊ ဆေးဝါးကြောင့် ၊ မျိုးရိုးကြောင့် စသည်စသည် ဖြင့် အများကြီး ရှိပါတယ်။
သက်လတ်ပိုင်း လူရွယ်တွေမှာ ဆံပင်စပြီး ကျွတ်တာတွေ ထိပ်ပြောင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ သက်လတ်ပိုင်းထဲ ဝင်ခါနီးရင် အခုပြောမယ့် ဆံပင်ထိန်းသိမ်းမှုတွေ လုပ်ထားဖို့ အကြံပြုချင်ပါတယ်။

(၁) ခေါင်းအလွန်အကျွံ မလျှော်ပါနဲ့

Photo: Pixabay

Shampoo နဲ့ Conditioners တွေဟာ ဓါတုဗေဒနည်းနဲ့ ဖွဲ့စည်းထားတဲ့ အလှကုန်တွေပါ။ သဘာဝပေါက်ပင်တွေ ဖြစ်တဲ့ တရော် ၊ ကင်ပွန်းနဲ့ လျှော်တာမျိုးက ပြဿနာ မရှိပေမယ့် Shampoo နဲ့ Conditioner တွေ လိုတာထက် ပိုပြီး အသုံးပြုမိပြီဆိုရင် ၊ နောက်ပြီး ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးကို ခေါင်းပေါ်မှာ အကြာကြီး ထားပြီးမှ လျှော်တတ်တယ်ဆိုရင် ဆံပင်ပျက်စီဖို့ ပိုများပါတယ်။

(၂) အိပ်ရာသန့်ရှင်းပါစေ

Photo: Unsplash

လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီလောက်က သူ့ အိပ်ရာပေါ်မှာ အချိန်ကုန်ပါတယ်။ အိပ်ရာခင်းနဲ့ ခေါင်းအုံး သန့်ရှင်းမှု မရှိခြင်းဟာ တစ်ကိုယ်ရေ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့ အဓိက တရားခံထဲမှာ ပါနေပါတယ်။ ပုံမှန် လျှော်ဖွပ်သန့်စင်ထားခြင်း မရှိတဲ့ ခေါင်းအုံး အုံးနေတဲ့သူဟာ ဘက်တီးရီးယားနဲ့ နေ့တိုင်း ထိတွေ့နေရပြီး ခေါင်းမှာ ဗောက်ထတာ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်ပွားနိုင်ပါတယ်။
ဒီလိုပဲ လျှော်ဖွပ်မထားတဲ့ ဦးထုပ်ကို နေ့တိုင်း ဆောင်းတာကြောင့် ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးက ကိုယ့်အသုံးအဆောင်တွေကို သန့်ရှင်းအောင် ထားဖို့ပါပဲ။

(၃) ဆေးလိပ်ရှောင်ပါ

Photo: FreePik

ဆေးလိပ်သောက်သူတွေဟာ သာမန်လူတွေထက် ရုပ်ပိုရင့်ပါတယ်။ နောက်တစ်ခုက ဆေးလိပ်ဟာ ဆံပင်ရဲ့ DNA ကို တိုက်ရိုက်ပျက်စီးစေနိုင်တာ ဖြစ်လို့ ဆံပင်ကျွတ်ဖို့ အလားအလာ ပိုများပါတယ်။ ဒါကြောင့် ဆေးလိပ်ရှောင်ပါ။ အာဟာရပြည့်ဝတဲ့ အစားအသောက်စားပါ။ အိပ်ရေးဝဝ အိပ်ပါ။

(၄) ဆံပင်ထိန်းသိမ်းမှု နည်းမှန်ပါစေ

Photo: Fashion Bean

အသက်ရလာချိန်မှ ဆံပင် အရောင်ဆိုးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဆံပင်ကျွတ်တော့မယ် ဆိုတဲ့ အချိန်က စလို့ စတီးရွိုက်ပါတဲ့ ဆေးတွေ ရှောင်သင့်သလို Hair Wax ၊ Gel နဲ့ spray အသုံးပြုမှုလည်း လျှော့သင့်ပါတယ်။

(၅) စိတ်ဖိစီးမှု နည်းအောင်နေပါ

Photo: Unsplash

စိတ်ဖိစီးမှုများတာဟာ ဆံပင်ကျွတ်စေနိုင်ပါတယ်။ ဖိအားနည်းအောင်လို့ အိပ်ရာဝင်ခါနီးတိုင်း အသက်ရှုလေ့ကျင့်ခန်းတစ်ခုခု လုပ်တာ ၊ ယောဂကျင့်တာမျိုးတွေနဲ့ စိတ်ဖိစီးမှုနည်းအောင် လျှော့ချသင့်ပါတယ်။ ဦီးရေပြားကို ခပ်ဖွဖွ နှိပ်ပေးတာဟာ ဆံပင်သန်စွမ်းမှုကို အားပေးပါတယ်။