Covid – 19 တကျောပြန့် ကူးစက်ပြန့်ပွားနေချိန်မှာ အိမ်တွင်းအောင်းရင်း ကျန်းမာနေဖို့ကလည်း အလွန်ပဲအရေးကြီးပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးက နေ့စဉ်လုပ်ရိုးလုပ်စဉ် အလေ့အထများနဲ့ လည်း အများကြီးသက်ဆိုင်နေပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Stay At Home ကာလမှာ စိတ်ရောကိုယ်ပါ ကျန်းမာနေအောင် သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အချိုရည်တွေလျော့သောက်ပါ


Source : Better Wholesaling

ကလေးလူကြီးမရွေး အချိုရည်တွေ အအေးဗူးတွေသောက်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ သတိထားသင့်တာတစ်ခုက အချိုရည်တစ်ဗူးမှာ သကြား (၁၀) ဇွန်းနဲ့ ညီမျှတဲ့ သကြားဓာတ်ပါဝင်နေတာဖြစ်ပါတယ်။ သကြားဓာတ်အလွန်အကျွံစားသုံးခြင်းက အဝလွန်ခြင်းနှင့် ဆီးချိုရောဂါကဲ့သို့နာတာရှည်ရောဂါတွေဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်ရင်အချိုရည်တွေသောက်သုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။

(၂) အာဟာရပြည့်ဝအောင်စားပါ


Source : YEG Fitness

ခန္ဓာကိုယ်ကျန်းမာနေဖို့နဲ့ တနေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ဆောင်နိုင်ဖို့ အာဟာရဓာတ်ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ အာဟာရပြည့်ဝအောင်စားတဲ့နေရာမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ် ပရိုတင်းဓာတ်တွေကို အဓိက လုံလောက်စွာစားသုံးပေးဖို့လိုအပ်ပြီး လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွှက်နဲ့ သစ်သီးဝလံတွေကိုလည်း မျှတအောင်စားသုံးပေးရမှာဖြစ်ပါတယ်။

(၃) ဆေးလိပ်ဖြတ်ပါ

Source : Better Tennessee

ဆေးလိပ်သောက်ခြင်းအလေ့အထဟာ သင့်ခန္ဓာကိုယ်အတွက်ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုပြီးဖြစ်စေနိုင်ပါတယ်။ လက်ရှိကူးစက်ပြန့်ပွားလျက်ရှိတဲ့ Covid – 19 ရောဂါပိုးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရက်ပ်ပိုးတစ်မျိုး ဖြစ်တာကြောင့် ဆေးလိပ်သောက်သူတွေအနေနဲ့ပိုပြီး ကူးစက်နိုင်ချေများသလို ရောဂါပိုးကူးစက်ခံရပါကလည်း ရောဂါဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားရနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာပညာရှင်တွေက သတိပေးထားပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။

(၄) နာရီဝက်ခန့်လေ့ကျင့်ခန်းလုပ်ပါ

Source : Better Tennessee

တနေ့တာမှာ နာရီတော်တော်များများကို ထိုင်နေတာ လှဲလျောင်းနေတာ စသည်ဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုနည်းခြင်းက သင့်ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တနေ့တာမှာ ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားဖြစ်အောင် နေသင့်ပြီး နေ့စဉ်ပုံမှန်နာရီဝက်လောက်ကိုလည်း အိမ်တွင်းလေ့ကျင့်ခန်းတွေပြုလုပ်ပေးသင့်ပါတယ်။ ဒါမှလည်း အဝလွန်ခြင်း စိတ်ဖိစီးမှုများခြင်း စတဲ့ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပြီး သင့်ရဲ့ခန္ဓာကိုယ်ဟာကျန်းမာကြံ့ခိုင်နေမှာဖြစ်ပါတယ်။

(၅) စိတ်ဖိစီးမှုနည်းအောင်နေပါ


Sourc : ONS Manual

ကျန်းမာရေးနှင့်ပတ်သတ်လာရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်း မေ့လျော့မထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ လက်ရှိအကျပ်အတည်းကာလမှာ စိတ်ဖိစီးနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားရနိုင်ချေများတာကြောင့် သင့်အေနေနဲ့ အတက်နိုင်ဆုံး စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်သင့်ပါတယ်။ တနေ့တာမှာ ဆိုရှယ်မီဒီယာ အသုံးပြုချိန်ကို ကန့်သတ်တာမျိုး တရားထိုင်ခြင်း ယောဂကစားခြင်းစတာတွေလုပ်ဆောင်ပေးတာမျိုး စိတ်ပျော်ရွှင်စေတဲ့ ဝါသနာလေးတွေလုပ်ဆောင်တာမျိုးစသည်ဖြင့် စိတ်ဖိစီးမှုနည်းစေမယ့် အလေ့အကျင့်လေးတွေကိုပြုလုပ်ပေးသင့်ပါတယ်။

(၆) အိပ်ချိန်မှန်မှန်အိပ်ပါ

Sourc : Medical News Today

အိပ်စက်ခြင်းဆိုတဲ့အရာက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးဆုံးလုပ်ငန်းစဉ်ကြီးတစ်ခုလို့ဆိုရပါမယ်။ လူတစ်ယောက် စိတ်ရောကိုယ်ပါကျန်းမာနေဖို့အတွက် အိပ်စက်ခြင်းက အများကြီးထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ တစ်ရက်ကို အနည်းဆုံး (၇) ကနေ (၉) နာရီခန့်အိပ်စက်ဖို့လိုအပ်ပါတယ်။ အိပ်ချိန်နည်းတာမကောင်းသလို အလွန်အကျွံအိပ်စက်ခြင်းကလည်းဆိုးကျိုးရှိတာကြောင့် တနေ့တာမှာ (၇-၉) နာရီအတွင်း အိပ်စက်အနားယူဖို့အကြံပြုချင်ပါတယ်။