တချို့နေ့တွေမှာ စိတ်လွတ်ပြီး လေနေသလို ခံစားရဖူးမှာပါ။ ဒါဟာ စိတ်ဖိစီးမှုကြုံနေပြီလို့ အချက်ပြနေတဲ့ လက္ခဏာတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဘဝမှာ ပျော်ရွှင်ငြိမ်းချမ်းအောင် နေတဲ့နည်းလမ်းမသိသူဟာ နေ့တိုင်းမှာ စိတ်ဖိစီးမှုတွေနဲ့ လေးလံပင်ပန်းနေတတ်ပါတယ်။ စိတ်ဖိစီးမှုကိုင်တွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းလေးတွေ ညွှန်းချင်ပါတယ်။
(၁) မနက်အိပ်ရာထကတည်းက စိတ်ကို ပြင်ဆင်ထားပါ

Photo: Freepik
တစ်နေ့တာရဲ့အစမှာ လုပ်သမျှဟာ တစ်နေကုန်ဖြစ်ရပ်တွေအပေါ် လွှမ်းမိုးမှုရှိပါတယ်။ မျက်လုံးဖွင့်ကတည်းက အဆင်မပြေတာနဲ့ ကြုံရတယ်လို့ မဖြစ်ရအောင် အိပ်ရာက ထပြီဆိုကတည်းက ဒီနေ့ကို ကိုယ်အကြိုက်ဆုံးအရာတစ်ခုနဲ့ စတင်လိုက်ပါ။ ဥပမာ- ကိုယ်က Workout ကစားတာ နှစ်သက်တယ်ဆိုရင် တခြားဘာမှ မလုပ်ခင် အားကစားပြေးလုပ်လိုက်ပါ။
စောစောစီးစီး အားကစားလုပ်လိုက်တော့ သွေးလည်ပတ်မှုကောင်းမွန်ပြီး ပျော်ရွှင်မှု ဟော်မုန်းအဖြစ် လူသိများတဲ့ Serotonin Levels လည်း တက်လာပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း နာရီဝက်လောက် အချိန်ယူပြီး ကော်ဖီတစ်ခွက်နဲ့ ကိုယ်အနှစ်သက်ဆုံး စာအုပ်တစ်အုပ်ကို ကောက်ဖတ်တာမျိုး လုပ်နိုင်ပါတယ်။ ပြောချင်တာက မနက်ခင်းကို ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်တဲ့ အခွင့်အလမ်းတစ်ခု ကိုယ်တိုင် ပုံဖော်ထားဖို့ပါပဲ။
(၂) ကိုယ့်တစ်နေ့တာထဲ ဝင်ခွင့်ပြုမယ့် လူ/အရာဝတ္ထုတွေကို ဂရုစိုက်ပါ

Photo: Freepik
ကျွန်တော်တို့ရဲ့ နေ့ရက်တွေထဲ ကျွန်တော်တို့ ဝင်ခွင့်ပြုမယ့် လူတွေ ၊ အရာဝတ္ထုတွေဟာ ကျွန်တော်တို့ရဲ့ တစ်နေ့တာ တွေးခေါ်ပုံပေါ် ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ ကိုယ်နဲ့ ပုံမှန်တွေ့နေကျလူတွေ ၊ ကိုယ်အမြဲဝင်ကြည့်ဖြစ်တဲ့ Social Media အကောင့်နဲ့ ပို့စ်တွေ ၊ ကိုယ်ဖတ်ဖြစ်တဲ့ စာအုပ်တွေအထိ ကိုယ့်ရဲ့ စိတ်အတက်အကျအပေါ် လွှမ်းမိုးမှု ရှိတတ်ပါတယ်။
စိတ်ဖိစီးမှု လျော့ပါးအောင် ကိုယ့်စိတ်ငြိမ်းချမ်းရေးကို အားပေးတဲ့သူတွေနဲ့ များများတွေ့ပါ။ ကိုယ့်စိတ်ကို ညစ်ညူးပင်ပန်းစေမယ့် Social Media ပေါ်က သတင်းတွေနဲ့ အကြောင်းအရာတွေကနေ ခွာပါ။ ကိုယ့်အတွေးကို ဟန်ချက်ညီအောင် အကောင်းမြင်စိတ်နဲ့ ထိန်းကျောင်းပေးပါ။
(၃) သင့်ခန္ဓာကိုယ်ကို မျှတမှန်ကန်အောင် လောင်စာကျွေးပါ

Photo: Freepik
လူမှာ လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ နည်းလာရင်လည်း စိတ်ကသိကအောက်ဖြစ်တာ ၊ စိတ်ဖိစီးတာတွေ ကြုံရတတ်ပါတယ်။ ဗိုက်ဆာလာလို့ သွေးထဲ သကြားဓါတ် ကျဆင်းသွားရင်လည်း အားကုန်သလို ခံစားရပြီး စိတ်ခံစားချက်နဲ့ Stress Level ဆိုးရွားနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးအတွက် ကိုယ့်ခန္ဓာကို ကောင်းကောင်း မောင်းနှင်ပေးနိုင်မယ့် လတ်ဆတ်သန့်ရှင်းတဲ့ သဘာဝသစ်သီးသစ်ဖုနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ ရများများ သောက်ပါ။ ရုတ်တရပ်ကြီး ဆာလောင်လာတယ်လို့ ခံစားရရင် အခွံမာသီး နဲ့ အစေ့အဆံတွေ စားပေးပါ။
(၄) ကျန်းမာရေးနဲ့ မညီတဲ့ လုပ်ရပ်တွေ ရှောင်ပါ

Photo: Freepik
တစ်နေ့လုံး ပင်ပန်းခဲ့ချိန်မှာ ယောင်္ကျားအများစုဟာ စိတ်ဖိစီးတာကို ဖြေဖျောက်ဖို့ အရက်သောက်တာ ၊ ဆေးလိပ်သောက်တာနဲ့ မနားတမ်း ဂိမ်းကစားတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလို လုပ်တာဟာ ခန္ဓာကိုယ်ကို နှိပ်စက်နေတာ ဖြစ်ပြီး စိတ်ဖိစီးမှုကို ပိုအခြေအနေ ဆိုးသွားစေနိုင်ပါတယ်။ အရက်အသောက်လွန်တာဆိုရင်လည်း အိပ်စက်မှုနဲ့ ရုပ်ပိုင်းကျန်းမာရေးကို တိုက်ရိုက်ထိပြီး စိတ်ဖိစီးမှုကို ပိုဆိုးစေတတ်ပါတယ်။ ဒါတွေ လုပ်မယ့်အစား တရားထိုင်တာ ၊ ယောဂလိုမျိုး လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်ဖို့ အကြံပေးချင်ပါတယ်။
