COVID – 19 ကာလမှာ အိမ်ကနေအလုပ်လုပ်တဲ့ စနစ်ကအရမ်းကိုရေပန်းစားလာပါတယ်။ ကုပ္မဏီတစ်ချို့ ရုံးပြန်တက်ရတယ်ဆိုပေမယ့်လည်း တော်တော်များများကတော့ အိမ်ကနေအလုပ်လုပ်တဲ့ Work From Home စနစ်ကိုပြုလုပ်နေကြဆဲပါ။ဒါကြောင့် အိမ်ကနေ အလုပ်လုပ်တဲ့သူတိုင်းအတွက် အသုံးဝင်စေမယ့် အကြံပြုချက်တချို့ကိုမျှဝေပေးလိုက်ပါတယ်။

(၁) မနက်စောစောအိပ်ယာထပါ

Source : Shutterstock

အိမ်ကနေအလုပ်လုပ်ရတယ်ဆိုပေမယ့် မနက်ခင်းမှာတော့ စောစောအိပ်ယာထဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံးအားအင်အပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင် မနက်စောစောထပါ။ မနက်ခင်းမှာ အနည်းဆုံး နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်တာမျိုး အာဟာရပြည့်ဝတဲ့ မနက်စာစားတာမျိုးပြုလုပ်ပေးသင့်ပါတယ်။ ဒါမှလည်း လန်းဆန်းတက်ကြွနေပြီး အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှုကောင်းစွာလုပ်ဆောင်နိုင်မှာပါ။

(၂) ကောင်းမွန်တဲ့အလုပ်နေရာတစ်ခုဖန်တီးပါ

Source : Shutterstock

အိပ်ယာပေါ် ဆိုဖာပေါ်တွေက အလုပ်လုပ်ဖို့အတွက်နေရာကောင်းတစ်ခုမဖြစ်နိုင်ပါဘူး။ အလုပ်ကို တကယ်အာရုံစူးစိုက်စွာလုပ်နိုင်ချင်ရင် လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်ရနိုင်တဲ့ ပြတင်းပေါက်ဘေးလို့နေရာမျိုး တိတ်ဆိတ်ပြီး ပတ်ဝန်းကျင်ဆူညံ့သံတွေ မလာနိုင်တဲ့နေရာမျိုးမှာ အလုပ်စားပွဲကိုထားသင့်ပါတယ်။ အလုပ်စားပွဲပေါ်မှာ အလုပ်နဲ့ သက်ဆိုင်တဲ့ စာရွှက်စာတမ်းတွေ လိုအပ်တဲ့ပစ္စည်းအားလုံးကို စုစည်းထားပါ။ အလုပ်လုပ်ချင်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်မှလည်း အလုပ်လုပ်ဖို့အတွက် စိတ်တက်ကြွမှုရှိစေမှာပါ။

(၃) အချိန်ဇယားဆွဲထားပါ

Source : Shutterstock

ကိုယ့်ရဲ့ တစ်နေ့တာမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေအားလုံးကို အချိန်ခွဲပြီး အချိန်ဇယားတခုဆွဲထားပါ။ အဆိုပါ အချိန်ဇယားကိုကိုယ့်ရဲ့ အလုပ်စားပွဲမှာကပ်ထားပါ။ ဘယ်အချိန်မှာဘာလုပ်ရမယ့်ဆိုတဲ့ အချိန်ဇယားတစ်ခုရှိခြင်းက အလုပ်ပိုမိုပြီးမြောက်စေနိုင်သလို အစီအစဉ်တကျ အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

(၄) သီးသန့်အနားယူချိန်ထားပါ

Source : Shutterstock

အိမ်မှာအလုပ်လုပ်သူအများစုကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ရောထွေးနေတာပါ။ အကောင်းဆုံးကတော့ အလုပ်လုပ်နေချိန်မှာ အလုပ်အပေါ်မှာပဲသေချာအာရုံစိုက်ပြီး အနားယူတဲ့အခါမှာလည်း အပြည့်အဝအနားယူသင့်ပါတယ်။ အလုပ်စားပွဲမှာထိုင်ပြီးအစားအသောက်စားတာ ဆိုရှယ်မီဒီယာတွေသုံးပြီး အနားယူတာထက် လမ်းခဏလျောက်တာမျိုး လေကောင်းလေ့သန့်ရှုတာမျိုး စာအုပ်ဖတ်တာမျိုး လုပ်ပေးသင့်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Source : Shutterstock

တစ်နေ့ကုန်အိမ်မှာပဲ အလုပ်လုပ်လိုက် စားလိုက်သောက်လိုက် အိပ်လိုက်နဲ့ ဆိုရင် ကျန်းမာရေးသေချာပေါက်ချို့ယွင်းလာနိုင်ပါတယ်။ အထိုင်များတဲ့အခါခန္ဓာကိုယ်မှာအဆီတွေစုလာနိုင်သလို အညောင်းမိတဲ့ ဝေဒနာမျိုးတွေလည်းကြုံတွေ့လာနိုင်ပါတယ်။ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုမဖြစ်မနေလုပ်သင့်ပါတယ်။ ညနေခင်း ရေချိုးခါနီးအချိန်မှာ ၁ နာရီလောက်အချိန်ပေးပြီး အိမ်မှာပဲ YouTube ကနေ Tutorial ဗီဒီယိုလေးတွေကြည့်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးနိုင်ပါတယ်။