အောင်မြင်မှုဆီ သွားရာလမ်းက ဘယ်တုန်းကမှ ဖြောင့်ဖြူးတဲ့လမ်းမဟုတ်တာကြောင့် ခရီးဆုံးအထိ လူတိုင်းရောက်ရှိဖို့ မလွယ်ကူပါဘူး။ မေဝယ်သာဟာ အားကစားသမိုင်းမှာ အကောင်းဆုံးလက်ဝှေ့ကျော်တစ်ဦးဆိုတာကို ငြင်းချက်ထုတ်စရာမရှိတဲ့သူဖြစ်ပြီး ရိုင်းစိုင်းတဲ့ မိသားစုထဲမှာ ကြီးပြင်းလာခဲ့တဲ့ ဖလွိုက် မေဝယ်သာဟာ အကြိမ်ပေါင်းများစွာ ထောင်ကျခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း မေဝယ်သာဟာ အောက်ဆုံးရောက်နေတဲ့ ဘဝကို ဒီနေ့အခြေအနေအထိ ရောက်ရှိလာအောင် ဘယ်လိုရုန်းကန်ကြိုးစားခဲ့လဲဆိုတာကို တွေးကြည့်ရုံနဲ့တင် တော်တော်လေး ခက်ခဲမှာသေချာပါတယ်။ ဖလွိုက် မေဝယ်သာက ဘဝအောင်မြင်မှု ရရှိဖို့အတွက် အကြီးမားဆုံးအချက် ၅ ချက်ကို ကျင့်သုံးခဲ့ပြီး အဲဒီအရာတွေက ဘာတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ခံစားမှုနောက် မလိုက်ပါနဲ့

Don’t Be Ruled by Your Emotions

Photo: Game Reactor

ဖလွိုက်မေဝယ်သာရဲ့ဖခင်ဟာ သားဖြစ်သူအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသလို စိတ်မထင်ရင် မထင်သလို ကြိုးဝိုင်းအတွင်းနဲ့ အပြင်ဘက်က ကျရှုံးမှုတွေအတွက် ရိုက်နှက်ထိုးကြိတ်တတ်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ မေဝယ်သာဟာ ဒေါသကြီးပြီး ကျွတ်ဆတ်ဆတ်နိုင်တဲ့ ကောင်လေးတစ်ယောက် ဖြစ်လာခဲ့ပြီး အသက် ၂၀ ကျော်နဲ့ အသက် ၃၀ အစောပိုင်းကာလတွေမှာ ရာဇဝတ်မှုမျိုးစုံနဲ့ ထောင်ချခံ၊ လူမှုရေးပြစ်ဒဏ်တွေနဲ့ ဒဏ်ငွေတွေ ဆောင်ခဲ့ရတာက အံ့အားသင့်စရာမဟုတ်တော့ပါဘူး။

လက်ရှိ အသက် ၄၀ အရွယ်မှာ ငယ်ငယ်တုန်းက ၎င်းရဲ့ ပုံစံကို ဘယ်လို ပြောမလဲလို့ မေးမြန်းခဲ့တဲ့အခါမှာ မေဝယ်သာက ‘သတိကို သေချာထားပြီး ဒေါသနဲ့ မတုံ့ပြန်မိပါစေနဲ့’လို့ ပြောကြားခဲ့ပါတယ်။ မေဝယ်သာက အသက် ၂၀ ကျော်အရွယ်တုန်းက အမြဲတမ်း စိတ်ခံစားမှုနောက်ကို လိုက်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် နောင်တရမိတယ်လို့ ပြောကြားခဲ့ပါတယ်။

၂။ အမြဲတမ်း အပြင်းအထန်လုပ်စရာမလိုဘူးဆိုတာကို နားလည်ထားပါ

Understand that It’s Not Always About Hard Work

Photo: knowledgeformen

လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို အမှှုန့်ကြိတ်ပြီး ခေါင်းမထောင်နိုင်အောင် လုပ်နိုင်ရင် အောင်မြင်မှု ရရှိလိမ့်မယ်လို့ လူတွေက ယူဆကြပေမယ့် ဘဝနဲ့ အောင်မြင်မှုမှာတော့ အဲဒီထက် ပိုပြီး ရှုပ်ထွေးပါတယ်။ ဖလွိုက် မေဝယ်သာဟာ မကြာခဏ ကြိုးဝိုင်းထဲမှာ သူ့ထက် ပိုမိုသန်မာပြီး လျင်မြန်တဲ့ ပြိုင်ဘက်တွေနဲ့ ထိုးသတ်ရလေ့ရှိပြီး ခပ်ပြင်းပြင်း ထိုးနိုင်တာထက်ကို ပိုပြီး ထိုးသတ်ရပါတယ်။

ဒါပေမယ့် ဘယ်တော့မှ မရှုံးနိမ့်ခဲ့တာက လက်ဝှေ့ကလည်း ဘဝနဲ့ အောင်မြင်မှုလိုပဲ အမြဲတမ်း အသန်မာဆုံး၊ အလျင်မြန်ဆုံး၊ အမာကျောဆုံးအရာက အောင်မြင်မှု ရရှိတာမျိုး မဟုတ်တာကြောင့်ပါ။ မှန်ကန်တဲ့ နည်းဗျူဟာနဲ့ လုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တဲ့အရာကို လုပ်ဆောင်မှသာ အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။

၃။ ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ရဲ့အချိန်ကို တခြားလူတွေထက် တန်ဖိုးထားပါ

Value Yourself and Your Time More Than Anyone Else

Photo: tapology

ဖလွိုက် မေဝယ်သာဟာ လက်ဖွာတတ်တဲ့ ပုံစံနဲ့ ဒေါ်လာအုပ်လိုက်ကိုင်သုံးတတ်တာကို လူသိများပြီး ကိုယ်ရသင့်ရထိုက်တဲ့ ပမာဏကိုလည်း တောင်းဆိုတတ်သူပါ။ မေဝယ်သာက ကိုယ်ရသင့်တာထက် လျော့နည်းပြီး ကမ်းလှမ်းလာရင် လက်မခံဘဲ အားမနာတမ်း ငြင်းပယ်တတ်သူပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ကိုယ်ပိုင်အချိန်နဲ့ အင်အားကို အခြားလူတွေရဲ့ ပိုက်ဆံတွေထက်ပိုပြီး တန်ဖိုးထားတာကြောင့်ပါ။

၄။ စစ်မှန်တဲ့သူဖြစ်အောင် နေပါ

Be Authentic

Photo: Early Game

ဖလွိုက် မေဝယ်သာဟာ စစ်မှန်တဲ့သူသာမဟုတ်ရင် ဘာမှမဟုတ်တဲ့သူဖြစ်မှာပါ။ မေဝယ်သာက သူ ဘာလိုချင်တယ်၊ ဘယ်အချိန်လိုချင်တယ်ဆိုတာကို ပြောတတ်ပြီး အဲဒါမဟုတ်ဘဲ တခြားဟာတွေဆို လက်မခံပါဘူး။ မေဝယ်သာဟာ လူအများအပြားကို ပျော်ရွှင်အောင် လုပ်ပေးပြီး အဲဒီထက်များတဲ့လူတွေကိုလည်း စိတ်ဆိုးအောင် လုပ်ပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက ဖလွိုက်ဟာ တခြားလူတွေရဲ့ မျှော်မှန်းချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒါမှမဟုတ် တစ်စုံတယောက်ရဲ့ ခံစားချက်တွေအတိုင်း အလိုက်သင့် ပြောင်းလဲပေးတာမျိုး ဘယ်တုန်းကမှ မလုပ်ပါဘူး။ လူတွေကို အလိမ်အညာတွေနဲ့ ပျော်ရွှင်အောင် လုပ်ပေးပြီး ဘဝတလျှောက်လုံး ကိုယ့်ပုံစံမဟုတ်တဲ့ပုံစံနဲ့ နေထိုင်ရတာမျိုးကို ရှောင်ကြဉ်ပြီး ကိုယ့်ပုံစံအစစ်အမှန်အတိုင်း နေထိုင်သင့်ပါတယ်။

၅။ လူတွေချစ်တာမုန်းတာကို ဂရုမစိုက်ပါနဲ့

It Doesn’t Matter if People Love You Or Hate You as Long as they Know You

Photo: japantimes

မေဝယ်သာနဲ့ မက်ဂရီဂေါ်တို့ ထိုးသတ်တဲ့ပွဲစဉ်ကို လူတိုင်း ကြည့်ရှုချင်တာက ကမ္ဘာ့ထိပ်တန်းဖိုက်တာနှစ်ယောက်အားပြိုင်တဲ့ပွဲစဉ်ဖြစ်တာတင်မကဘဲ သူတို့ ၂ ယောက်ရဲ့ စိတ်နေစိတ်ထားကြောင့်လည်း ပါပါတယ်။ သူတို့ ၂ ယောက်စလုံးကို ချစ်လည်းမချစ်ဘူး၊ မုန်းလည်း မမုန်းဘူးဆိုတဲ့လူတော့ များများစားစားရှိမှာမဟုတ်ဘဲ ချစ်သူတွေရော မုန်းသူတွေရော ရှိမှာသေချာပါတယ်။ ရယ်စရာကောင်းတာတစ်ခုက သူတို့ ၂ ယောက်ထိုးသတ်တဲ့ပွဲအတွက် လက်မှတ်ဝယ်ယူတဲ့တစ်ဦးချင်းစီတိုင်းဟာ ၂ ယောက်စလုံးကို မုန်းတီးပြီး တစ်ယောက်နဲ့တစ်ယောက် အသေအကြေထိုးကြိတ်ကြတာကို ကြည့်ချင်တာကြောင့်ပါတဲ့။

ဒါပေမယ့် သူတို့ ခက်ခက်ခဲခဲ ရှာဖွေထားရတဲ့ ပိုက်ဆံတွေက ဘယ်ရောက်သွားလဲဆိုတော့ ဒါဟာ လက်ဝှေ့နဲ့ စီးပွားရေးမှာ အမှန်တရားပဲဖြစ်ပါတယ်။ သင့်ကို လူတွေက ကြိုက်ချင်လည်းကြိုက်မယ်၊ မကြိုက်ဘဲ မုန်းချင်လည်း မုန်းနေနိုင်ပါတယ်။ ဝင်စတန် ချာချီက ပြောခဲ့ဖူးပါတယ်။ မင်းမှာ ရန်သူတွေရှိနေပြီလား။ ကောင်းတယ်။ အဲဒါက မင်းဟာ မင်းဘဝရဲ့ အချိန်တစ်ခုမှာ တစ်စုံတရာအတွက် ရပ်တည်ခဲ့လို့ဆိုတဲ့အဓိပ္ပာယ်ပဲတဲ့။ ရန်သူကသာ သင့်ကို သတိ၊ ဝီရိယ၊ လုံ့လစိုက်ထုတ်ချင်စိတ်ရှိလာအောင် လှုံ့ဆော်ပေးနိုင်တယ်ဆိုတာကို မမေ့သင့်ပါဘူး။

Featured Photo: Game Reactor