လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ ကျောင်းစာသင်ခန်းထဲကထက် ပိုပြီး သင်ယူစရာတွေ များလာတော့တာပါပဲ။ စာသင်ခန်းထဲမှာ ချွေးမထွက်ဘဲ ပညာတွေ ယူနိုင်ခဲ့ပေမယ့် အလုပ်ခွင်မှာတော့ ကြေးကြီးတဲ့သင်ခန်းစာတွေ မကြာခဏဆိုသလို တွေ့မြင်သင်ကြားရတယ်လို့ ပြောချင်ပါတယ်။ အသက်မွေးမှုအရ အလုပ်အကိုင်တစ်ခုခု ရွေးလိုက်ပြီဆိုရင် အဲ့ဒီအလုပ်အကိုင်နဲ့ အဆင်ပြေအောင်မြင်နေဖို့ သိပ်အရေးကြီးပါတယ်။ ဒီလို အောင်မြင်ဖို့ဆိုရင် အခုပြောမယ့် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေ အမြဲသင်ယူထားဖို့ လိုမှာပါ။

(၁) နိုးကြားထကြွ လုံ့လရှိပါ

Working

Photo: Unsplash

တိုးတက်ချင်ရင် သင်ယူချင်တဲ့စိတ် ရှိဖို့လိုပါတယ်။ အမြဲတမ်း ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေ ၊ Skill Sets သစ်တွေနဲ့ ခေတ်ရေစီးကြောင်းတွေထဲမှာ နေ့စဉ်သင်ယူနေသူကပဲ ရှင်သန်ကြီးပွားသွားတာ ဖြစ်ပါတယ်။ အလုပ်ခွင်မှာ အမြဲ လုပ်ချင်ကိုင်ချင်စိတ်/သင်ယူချင်စိတ်/အသစ်အဆန်းကို စိန်ခေါ်လိုစိတ် မွေးပါ။ ထကြွလုံ့လရှိရှိနဲ့ လုပ်ငန်းခွင်မှာ လည်ပတ်နေသူကို ဘယ်အတားအဆီးကမှ မကြီးပွားအောင် တားလို့ရမှာ မဟုတ်ပါဘူး။

(၂) လိုအပ်ချက်တွေ ဖြည့်ထားပါ

Training

Photo: Unsplash

ကျောင်းမှာ သင်ခဲ့တဲ့ ပညာရပ်လောက်နဲ့ လုပ်ငန်းခွင်အောင်မြင်မှုရဖို့ မဖြစ်နိုင်ပါဘူး။ လုပ်ငန်းခွင်မှာ ကိုယ့်အလုပ်တာဝန်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုဆက်ဆံရေးကောင်းဖို့ ၊ ဘာသာစကားတတ်မြောက်ဖို့ နဲ့ အချိန်ကိုလေးစားမှု ရှိဖို့လိုမျိုး Skills တွေလည်း ပြည့်စုံဖို့ လိုအပ်ပါတယ်။ နေ့တိုင်း ကိုယ့်မှာ ဘာတွေ လိုအပ်ချက်ရှိသလဲ ပြန်ဆန်းစစ်သုံးသပ်ပြီး ချို့ယွင်းချက်တွေ ပြင်သွားပါလို့ အကြံပေးချင်ပါတယ်။

(၃) ရည်မှန်းချက်ထားပါ

Goals

Photo: Unsplash

လစာလောက် ကြည့်ပြီး အလုပ်မလုပ်ပါနဲ့။ လစာထက် မြင့်မားတဲ့ ရည်မှန်းချက်ထားပြီး အလုပ်ရွေးပါ။ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်လာဖို့ လူမှန် နေရာမှန်ရောက်ဖို့လည်း လိုပါတယ်။ ဒီအတွက် ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်တော့မယ်ဆိုရင် အဲ့ဒီကုမ္ပဏီရဲ့ ပန်းတိုင်နဲ့ သွားမယ့်လမ်းကြောင်း ၊ ကုမ္ပဏီလုပ်ငန်းခွင် ယဉ်ကျေးမှုနဲ့ ရှေ့ရေးတွေပါ ကြိုတွက်ချက်ပြီးမှ လျှောက်တာ အကောင်းဆုံးပါပဲ။

(၄) Personality ကောင်းရအောင် မွေးမြူပါ

Handshake

Photo: Unsplash

ကိုယ်ရည်ကိုယ်သွေးကောင်းခြင်းဟာ အလွန်ပဲ ထူးကဲတဲ့ ဂုဏ်သိက္ခာတစ်ရပ် ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားကောင်းပြီး လူ့လောကအတွက် ကောင်းကျိုးဆောင်လိုတဲ့ စေတနာရှိခြင်းဟာ လုပ်ငန်းခွင် လောကကျဉ်းကျဉ်းလေးအတွက်တင် မကဘဲ ကိုယ်ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးအတွက်ပါ မြေဆီဩဇာကောင်း ၊ မျိုးစေ့ကောင်းလို အကျိုးရှိတဲ့ အရာပါ။ အလုပ်မှာ စေတနာထားလုပ်တာ ၊ လူတွေကို ရိုးဖြောင့်ကြင်နာသမှုနဲ့ လေးလေးစားစား ဆက်ဆံတာ ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်ပါတနာလို အလေးထားပူးပေါင်းတာမျိုးတွေက ကိုယ်ရွေးချယ်တဲ့ အသက် မွေးမှုနဲ့ ကြီးပွားဖို့အပြင် လောကအတွက်ပါ လှပကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်အဖြစ် ညွှန်းစရာကျန်ခဲ့မှာ ဖြစ်ပါတယ်။

Featured Photo: Forbes