လုပ်ရည်ကိုင်ရည် ကောင်းချင်ရင် Performance Boost ဖြစ်စေမယ့် အလေ့အကျင့်လေးတွေ မွေးထားဖို့ လိုပါတယ်။ လုပ်ငန်းခွင်မှာ စွမ်းဆောင်မှုပြနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ Skills ပိုင်း မြှင့်တင်မှုတွေအပြင် ကိုယ်စိတ် ကျန်းမာရေးပါ ဂရုစိုက်ဖို့ လိုတာပါပဲ။

ဒီတစ်ခေါက်မှာ ကိုယ်လုပ်စရာအလုပ်လေးတွေကို လုပ်ရာမှာ စွမ်းဆောင်ရည်အပြည့်အဝနဲ့ လုပ်ကိုင်နိုင်ဖို့အတွက် ဘယ်လိုအလေ့အထလေးတွေ သုံးသင့်သလဲ ပြောပေးချင်ပါတယ်။

(၁) Work Out ကစားပါ

man workout

Photo: Unsplash

အားကစားလုပ်ခြင်းနဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည် တိုးတက်မှုဟာ ဆက်စပ်မှုရှိနေပါတယ်။ အားကစားလုပ်တာက ရုပ်ပိုင်းအရလည်း ကျန်းမာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေသလို စိတ်ပိုင်းအရလည်း စိတ်ကြည်လင်ပြီး အာရုံစူးစိုက်မှုအားပိုကောင်းစေပါတယ်။ ဒါကြောင့်ပဲ အလုပ်များပါတယ်ဆိုတဲ့ အမှုဆောင်အရာရှိချုပ်တွေဟာ မအားလပ်တဲ့အချိန်ကြားကနေ အချိန်ယူပြီး လမ်းလျှောက်တာ ၊ ပြေးတာ ၊ စက်ဘီးစီးတာ ၊ ဝိတ်မ,တာမျိုးကို ပုံမှန်လုပ်တာပဲ ဖြစ်ပါတယ်။

(၂) ကျန်းမာရေးနဲ့ညီအောင် စားပေးပါ

Healthy Fruits and Foods

Photo: Unsplash

အစားအသောက်ကလည်း လူရဲ့ စိတ်နဲ့ရုပ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာပါပဲ။ ကိုယ်စားလိုက်တဲ့ အစားအသောက်က ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ နိုးကြားမှုကို ပံ့ပိုးပေးပါတယ်။ အိပ်စက်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အစားအသောက်က ပြုပြင်ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စားတာ ၊ အချိုနဲ့ အဆီ စားတာ လျှော့တာ ၊ ငါးများများ စား ၊ ရေများများ သောက်တာတွေ ပါပါတယ်။

(၃) အိပ်ရေးဝအောင် အိပ်ပါ

Sleep Time

Photo: Unsplash

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပေးခြင်းဟာ ကိုယ်တွင်းစနစ်ကို ပြန်ကောင်းအောင် ပြုပြင်ဖို့ အချိန်ပေးလိုက်တာ ဖြစ်သလို မှတ်ဉာဏ်အစိတ်အပိုင်း ၊ အပျက်အစီးတွေကို ပြန်ပြီး အစီအစဉ်တကျရှိအောင် ခန္ဓာကိုယ်က သဘာဝအတိုင်း အချိန်ယူလိုက်တာပါ။ တစ်ရက်ကို ၈ နာရီအထိ အိပ်စက်ဖို့ ပြောကြပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပေးခြင်းအားဖြင့် အလပ်မှာ အာရုံပိုစူးစိုက်နိုင်သလို ရေရှည် စိတ်နဲ့ ရုပ်ပိုင်း ကျန်းမာရေးဆိုင်ရာ ကောင်းမွန်ရေးအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ စိတ်စူးစိုက်မှုအားကောင်းပြီး ကျန်းမာရွှင်လန်းနေသူဟာ လုပ်ငန်းခွင်မှာလည်း လုပ်ရည်ကိုင်ရည်ကောင်းသူ ဖြစ်လာမှာပါ။

(၄) အလုပ်ကို အချိန်ဇယားဆွဲလုပ်ပါ

Working lists

Photo: Unsplash

အလုပ်ခွင် အလုပ်ပြီးမြောက်မှုအတွက် လုပ်ငန်းခွင် အကျင့်ကောင်းလေးတွေလည်း မွေးဖို့ လိုပါတယ်။ အချိန်နဲ့ ဇယားနဲ့ အလုပ်လုပ်ခြင်းဟာ အလုပ်တွေကို သတ်မှတ်နောက်ဆုံးရက်မတိုင်ခင် ပြီးမြောက်စေသလို ကိုယ်ကြိုက်တာ လုပ်ဖို့အတွက်လည်း Personal Time လေးတွေ ပိုရပါတယ်။ ဒီတော့ လုပ်ငန်းခွင်မှာ Performance ပိုကောင်းချင်ရင် Schedule နဲ့ အလုပ်လုပ်ပါ။
အရေးကြီးတဲ့ ဦးစားပေးအလုပ်တွေ သတ်မှတ်ပြီး ဘယ်အလုပ်ကို အရင် ပြီးအောင် လုပ်ရမလဲ စီစဉ်ထားပါ။ တစ်နေ့စာ လုပ်စရာတွေ ၊ တစ်ပတ်စာ လုပ်ရမယ့်အလုပ်တွေနဲ့ တစ်လစာ လုပ်စရာတွေကို လုပ်ငန်းခွင် ပြက္ခဒိန်လေးထားလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ဒီပြက္ခဒိန်မှာ ဘယ်အချိန်တွေမှာ အနားယူပြီး ၊ မိသားစုနဲ့ ကိုယ်ပိုင်လုပ်စရာတွေအတွက် ဘယ်ရက်တွေ အချိန်ချန်မယ်ဆိုတာလည်း ထည့်တွက်ထားပါ။ ဒါဆိုရင် Deadline အမှီ အလုပ်တွေလည်း ပြီးသလို ကိုယ့်အတွက်ကိုယ်လည်း အချိန်ပိုရမှာ ဖြစ်ပါတယ်။

Featured Photo: Unsplash