လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ သူ့ရဲ့ အစွမ်းအစကို ဆုံးဖြတ်ချက်ပေးတဲ့ အချက်တွေထဲကတစ်ခု ဖြစ်ပါတယ်။ Personality လို့ ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးထဲမှာ မျှမျှတတ တွေးခေါ်နိုင်စွမ်းနဲ့ မှန်မှန်ကန်ကန် ဆက်သွယ်နိုင်စွမ်းတို့လည်း ပါရှိပါတယ်။ Personality ဆိုတာ အလေ့အကျင့်နဲ့ ပိုကောင်းအောင် ပြုပြင်လို့ ရပါတယ်။ Personality ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) နားထောင်မှုစွမ်းရည် မြှင့်တင်ပါ
Photo: Freepik
Personality Development ကောင်းဖို့အတွက် နံပါတ်တစ် လုပ်ရမှာက နားထောင်သူကောင်းတစ်ယောက် Better Listener ဖြစ်ဖို့ပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ ထိရောက်တဲ့ နားထောင်မှုစွမ်းရည်ရှိသူတစ်ဦးဟာ စကားပြောကောင်းတဲ့သူတစ်ယောက်ထက်တောင် အရာရောက်တတ်ပါတယ်။ နားထောင်တယ်ဆိုရာမှာ နားကတင် နားထောင်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကပါ နားထောင်နေတာမျိုး ဖြစ်သင့်ပါတယ်။
ဥပမာ- တခြားတစ်ယောက်နဲ့ စကားပြောနေတုန်း နားထောင်တာပဲ ဆိုပြီး ဖုန်းပွတ်နေတာမျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ တကယ်နားထောင်နေတာ မဟုတ်ကြောင်း ဖော်ပြနေတာ ဖြစ်သလို တစ်ဖက်လူကို မလေးစားရာ ၊ စိတ်မဝင်စားရာလည်း ရောက်ပါတယ်။ နားထောင်မှုစွမ်းရည်မြင့်ချင်တယ်ဆိုရင် သူပြောသမျှကို ပါးပါးနပ်နပ်နဲ့ နားထောင်ပါ။ လေးစားသမှုနဲ့ နားထောင်ပါ။ နားထောင်ရင်းနဲ့ လိုအပ်သလို မှန်မှန်ကန်ကန် မေးခွန်းပြန်ထုတ်ပါ။
(၂) အကောင်းမြင်စိတ် ရှိပါ
Photo: Freepik
Personality ကောင်းဖို့ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ရှိဖို့ လိုပါတယ်။ အကောင်းမြင်ခြင်းဆိုတာကလည်း မွေးယူလို့ ရတဲ့ ၊ အလေ့အကျင့်လုပ်လို့ရတဲ့ အရာ ဖြစ်ပါတယ်။ Optimism သမားတစ်ယောက်ဆိုတာ အခွင့်အရေးတွေ ကမ်းလှမ်းနေတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ အကောင်းမြင်စိတ်နဲ့ ကြည့်တတ်သူကို လူတွေ နှစ်လိုကြပါတယ်။ ဖြစ်ရပ်တစ်ခုခုအပေါ် အကောင်းမြင်တဲ့ဘက်ကနေ မြင်တတ်ခြင်းဟာ ကိုယ့်အတွက် တမူထူးခြားတဲ့ အပြောင်းအလဲသစ်ကို အလိုလို ဖန်တီးပြီးသား ဖြစ်စေပါတယ်။
(၃) လေးစားမှုရှိပါ
Photo: Freepik
လူတွေကို စိတ်ရင်းနဲ့ ရိုးဖြောင့် လေးစားစွာ ဆက်ဆံတတ်ခြင်းဟာ ကိုယ်ရည်ကိုယ်သွေးမြင့်မားသူတစ်ယောက်ရဲ့ အရည်အချင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ လူတွေ ကို လေးစားတဲ့စိတ်နဲ့ ဆက်ဆံတယ်ဆိုတာ အဲ့ဒီလူတွေအကြောင်း ပေါက်ပန်းလေးဆယ် မပြောတာ ၊ ကိုယ်နဲ့ ဆက်ဆံတဲ့သူတွေအပေါ် အတွင်းအပြင် ရိုးဖြောင့်မှု ရှိတာ ၊ အပြောအဆို အပြုအမူအရ မထီလေးစားလုပ်တာမျိုးကို ပြောတာပါ။ တခြားသူတွေကို လေးစားမှုနဲ့ ဆက်ဆံသူဟာ သူကိုယ်တိုင်က ထူးခြားတဲ့သူ ဖြစ်နေတာကြောင့် လူတွေကလည်း သူ့ကို ပြန်ပြီး လေးလေးစားစားနဲ့ ဆက်ဆံလာကြပါတယ်။
(၄) ကိုယ့်ကိုယ်ကိုယ် ဖြစ်နိုင်မယ်လို့ပဲ ယုံကြည်ထားပါ
Photo: Freepik
သိပ်ခက်ခဲတာတွေ တွေ့လာရင်တောင် ဖြစ်အောင် ကျော်လွှားနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားပါ။ ပြဿနာတွေနဲ့ ရင်ဆိုင်ချိန်မှာ တခြားသူတွေကို အားမကိုးဘဲနဲ့ ကိုယ်တစ်ယောက်တည်းနဲ့ ရင်ဆိုင်တတ်အောင် လေ့ကျင့်ပါ။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ချက်ဆိုတာ အခက်အခဲတွေနဲ့ ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားပြီးမှ ရတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပေးလိုက်ဖို့ မကြောက်ပါနဲ့။
(၅) ကိုယ့်ကိုယ်ကိုယ် ပြန်ရီစရာလုပ်တတ်ပါစေ
Photo: Freepik
ဒီအချက်ကလည်း Personality မြင့်တဲ့သူတွေမှာ တွေ့ရတဲ့ အမှတ်အသားတစ်ခုလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် ရယ်မောတတ်သူဆိုတာ ကိုယ့်အခက်အခဲကို ကိုယ်ဖော့တတ်သူ ၊ ကိုယ့်လောကဓံနဲ့ကိုယ် အလိုက်အထိုက် သက်တောင့်သက်သာနေတတ်သူ ၊ စိတ်ဒဏ်ရာဖြစ်စရာတွေကို ရယ်စရာပြောင်းတတ်သူပဲ ဖြစ်ပါတယ်။ တစ်ခြားသူတွေကို ဟာသပြောတတ်သူဟာ လူရာဝင်ဆံ့ပြီး လူချစ်လူခင်များသလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားသူဟာလည်း ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မိတ်ဆွေမွေးတတ်သူ ဖြစ်ပါတယ်။