အိပ်ရေးမဝခြင်းဟာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကတော့ ဖွံ့ဖြိုးပြီး နိုင်ငံများရဲ့ အရွယ်ရောက်သူ သုံးပုံနှစ်ပုံတို့ဟာ အိပ်ရေးမဝမှုကပ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့တောင် ထုတ်ပြန်ထားပါတယ်။
ယူကေနိုင်ငံက လူငယ် ၂ ယောက်မှာ တစ်ယောက်ဟာ တစ်ညမှ ၆ နာရီ ဒါမှမဟုတ် ၆ နာရီအောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်နိုင်တဲ့ ပြဿနာဟာ မျိုးဆက်ရဲ့ ပြဿနာတစ်ခု ဖြစ်လာနေတာကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ချို့ကို မျှဝေလိုက်ပါတယ်။

(၁) အကျင့်လုပ်ပေးပါ

Source : Freepik

နေ့တိုင်း တစ်နေ့ ၈ နာရီ အိပ်နိုင်အောင် ပုံမှန်အိပ်ချိန်ဇယားဆွဲပေးပြီး အကျင့်လုပ်ထားဖို့ လိုပါတယ်။ ပုံမှန်အိပ်ရာဝင် အိပ်ရာထ အလေ့အကျင့်ဟာ တစ်လခွဲလောက် လုပ်လိုက်ရင်ကို သိသိသာသာ တိုးတက်လာတာတွေ့ရမှာပါ။ အရေးကြီးတာက မှန်ကန်ပြည့်ဝတဲ့ အိပ်ချိန်စနစ်ဖြစ်အောင် အကျင့်လုပ် ပုံသွင်းပေးဖို့ပါပဲ။

တစ်နေ့ကို အနည်းဆုံးမိနစ် ၃၀ လောက် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ လိုပါတဘ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဟာ ကျန်းမာတဲ့ လူနေမှုပုံစံအတွက် အရေးကြီးပါတယ်။ ဒါပေမယ့်လည်း အိပ်ရာမဝင်ခင် အနည်းဆုံး ၃ နာရီ ၄ နာရီလောက် ကြိုပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

(၂) အိပ်ရာဝင် အစားအသောက် ဂရုပြုပါ

Photo: Freepik

ကဖိန်းဓါတ်ပါတဲ့ လက်ဖက်ရည် ၊ ကော်ဖီနဲ့ အ‌အေးတွေကို ညဘက်မှာ မသောက်သုံးမိအောင် ရှောင်ပါ။ ညနေလောက်ကတည်းက ရှောင်နိုင်ရင် ပိုကောင်းပါတယ်။ စိတ်ကိုနိုးကြားစေတဲ့ ကဖိန်းပါ အစားအ‌သောက်တွေအပြင် အရက်လိုမျိုး အယ်လ်ကိုဟောပါတာတွေလည်း မသောက်မိအောင် ရှောင်ရှားသင့်ပါတယ်။ နောက်တစ်ချက်က နေ့လည်နေ့ခင်းတွေ အိပ်စက်အနားယူတာမျိုးလည်း ရှောင်ရှားဖို့ လိုပါတယ်။

(၃) အိပ်ရာခင်း သန့်ရှင်းသပ်ရပ်နေပါစေ

Photo: Freepik

အိပ်ရာဟာ အိပ်စက်ဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့ ၊ ဇာတ်ကားကြည့်ဖို့ ၊ ဂိမ်းဆော့ဖို့ နေရာမဟုတ်ပါဘူး။ အိပ်ရာပေါ် ရောက်တာနဲ့ ချက်ချင်း အိပ်မပျော်တတ်ရင် စာအုပ်ကလေးတစ်အုပ် ကောက်ဖတ်လိုက်တာက အကောင်းဆုံးအကြံဉာဏ်ဖြစ်ပါတယ်။ အိပ်ရာခင်းဟာလည်း အိပ်ချင်စရာဖြစ်အောင် သန့်သန့်ရှင်းရှင်း မွှေးမွှေးပျံ့ပျံ့ ဖြစ်စေဖို့ လျှော်ဖွပ်ထားသင့်ပါတယ်။

(၄) အိပ်ရာဝင်ခါနီး ရေချိုးပါ

Photo: Freepik

ကိုယ်အပူချိန် ကျဆင်းသွားတာဟာ မြန်မြန်ဆန်ဆန် အိပ်စက်စေနိုင်တဲ့ အကြောင်းတစ်ခုပါ။ အိပ်စက်မှုကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ ခန္ဓာကိုယ်ဟာ အပူချိန် ၁ ဒီဂရီစင်တီဂရိတ် ကျသွားဖို့ လိုတယ်လို့ ဆိုပါတယ်။ အိပ်ရာဝင်ခါနီး ရေချိုးတာဟာ အကြောလည်း ပြေလျော့စေပြီး မြန်မြန်ဆန်ဆန်လည်း အိပ်ပျော်စေနိုင်ပါတယ်။