အလုပ်ခွင်တစ်ခုမှာ ပေါင်းသင်းဆက်ဆံရေးက ဒုတိယအိမ်သူသက်ထား ဇနီးမယားလို့ ဆိုရလောက်အောင် အရေးပါပါတယ်။ လုပ်ငန်းနယ်ပယ်မှာ တစ်ဖက်ကမ်းခတ် ထူးချွန်နေပေမယ့်လည်း ပေါင်းသင်းဆက်ဆံရေးမကောင်းရင်တော့ လူတော်တစ်ယောက်လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ဒါကြောင့် သင့်အနေနဲ့ အလုပ်ခွင်မှာ ပေါင်းသင်းဆက်ဆံရေးကိုထိခိုက်စေမယ့် လူမုန်းများစေတဲ့အချက်လေးတွေကို သတိပြုမိစေဖို့ မျှဝေပေး ချင်ပါတယ်။

Short break to send few messages

Source : Freepik

စကားကြီး စကားကျယ်ပြောဆိုခြင်းဟာ လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခြေအနေတစ်ခုမှာတော့ လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့လေလုံးကြီးထွားမှုဟာ နားထောင်ရတဲ့တစ်ဖက်လူအတွက်လည်း စိတ်ပျက်စရာကောင်းသလို ကိုယ့်ရဲ့ Professional မဆန်မှုကိုလည်း ထုတ်ပြနေရာ ရောက်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ လူမုန်းမများချင်ရင်တော့ လေကြီးလေကျယ်ပြောဆိုတတ်တဲ့အကျင့်ကို ဖျောက်ဖျက်သင့်ပါတယ်။

နေရာတိုင်းမှာလိုတာထက်ပိုပြီး အိုဗာတင်းတွေ ပြုလုပ်နေခြင်းဟာလည်း လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးပျက်ပျားစေမယ့် အချက်တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်စကားပြောဆိုရာမှာ Body Language သုံးပြီး ပြောဆိုခြင်းဟာ ကောင်းမွန်တဲ့အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုတာထက်ပိုပြီး အိုဗာဖြစ်တဲ့ အမူအရာတွေပြုလုပ်ခြင်းကိုတော့ အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။

Multiracial male and female colleagues having discussion at team meeting

Source : Freepik

ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်သူတိုင်း လူကဲခတ်ညံ့ထဲအထဲမှာ မပါကြပါဘူး။ လူတစ်ယောက်ရဲ့ အခြေအနေ အချိန်အခါကိုကြည့်ပြီး ထိုက်သင့်သလောက် လေ့လာတွေးခေါ်နိုင်တဲ့ အရည်းအချင်းကောင်းတစ်ခုတော့ရှိကြပါတယ်။ ဥပမာ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်ကအလုပ်ရှုပ်နေချိန် ကိုယ်ကစကားတွေ အတင်းသွားပြောမိနေမယ်ဆိုရင် အခြေအနေ အချိန်အခါကိုမသုံးသပ်တတ်သလို အလိုက်မသိရာလည်း ရောက်စေပါတယ်။

တစ်ချို့သောလူတွေဟာ စကားသုံးခွန်းပြောရင် အနည်းဆုံး တစ်ခွန်းတော့ ညစ်တီးညစ်ပက် စကားတွေပါတတ်ပါတယ်။ အမြဲလိုလို ၂ ပေအောက်မလွတ်တဲ့ စကားတွေပြောဆိုနေမယ်ဆိုရင် လူအများအထင်သေးရာရောက်သလို အဲ့ဒီလူနဲ့ စကားလက်ဆုံပြောမိဖို့ကိုလည်း လက်တွန့်နေပါလိမ့်မယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အနှောင့်အသွားမလွတ်စကားတွေကို ရှောင်ကြဉ်ပြီး ပညာရှိဆန်ဆန်ရင့်ကျက်တဲ့စကားတွေကိုသာ ပြောဆိုသင့်တာဖြစ်ပါတယ်။

လူအများနဲ့ ပြောဆိုဆက်ဆံရပြီဆိုကတည်းက လူမှုရေးကိစ္စတွေကလည်း ငြင်းဆန်လို့ မသင့်တဲ့အရာတွေထဲမှာပါသွားပြီပဲဖြစ်ပါတယ်။ “ရောမရောက်ရင် ရောမလိုကျင့်ကြံ” သင့်ပြီး အားလုံးနဲ့ လိုက်ရောညီထွေစွာနေတတ်မှ လူဝင်ဆန့်မှာဖြစ်သလို ပေါင်းသင်းဆက်ဆံရေးမှာလည်း တိုးတက်အောင်မြင်မှာဖြစ်ပါတယ်။ တစ်ချို့သော ကူညီသင့်တဲ့အရာတွေကို ကူညီလိုက်ပါ။ အတူတကွ ပါဝင်လုပ်ဆောင်သင့်တဲ့အရာတွေကို လုပ်ဆောင်ပါ။ အချိန်တိုင်းငြင်းဆန်နေလို့တော့ မရပါဘူး။