လူတိုင်းလူတိုင်း ကိုယ်ရဲ့ အလုပ်ခွင်မှာ ကျွမ်းကျင်တဲ့ ဝန်းထမ်းကောင်းတစ်ယောက်၊ Professional ဆန်တဲ့ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ချင်ကြမယ်ထင်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်နေရုံနဲ့တော့ Professional ဆန်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ မလုံလောက်သေးပါဘူး။ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေများစွာ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ အလုပ်ခွင်မှာ Professional ဆန်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေ လိုက်နာဆောင်ရွက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Source : Freepik
ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တွေအပေါ်မှာ ဆင်ခြင်ပေးတာမျိုး အကြောင်းပြချက်ပေးတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ဘယ်လိုအကြောင်းမျိုးနဲ့ ဖြစ်ဖြစ် ကိုယ်ယူထားတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့တာဝန်တွေ ပျက်ကွက်တဲ့အခါ အပြစ်ရှိရင်ရှိသလို ကျေနပ်စွာခံယူရပါမယ်။ ဆင်ခြင်ပေးတယ်ဆိုတာ ကိုယ့်ရဲ့ အပြစ်ကို ဖုံးဖိဖို့ ကြိုးစားတဲ့နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အလုပ်ခွင်မှာ Professional ဆန်တဲ့သူတွေဟာ ဆင်ခြင်ပေးလေ့မရှိကြပါဘူး။
ဝန်ထမ်းအချင်းချင်း လေးစားသမှုရှိခြင်းဟာ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစေတဲ့အချက်တစ်ခုပါ။ တစ်မိုးအောက်မှာအလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအချင်းချင်း အဆင့်အတန်းခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ လေးစားစွာဆက်ဆံသင့်ပါတယ်။ ကိုယ်က မန်နေဂျာ Level နဲ့ အလုပ်လုပ်ကိုင်နေသူ တစ်ယောက်ဆိုရင်တောင် သန့်ရှင်းရေးဝန်ထမ်းကို နိမ့်ချဆက်ဆံတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဝန်ထမ်းအချင်းချင်း အပြန်အလှန်လေးစားမှုရှိမှ ပျော်စရာကောင်းတဲ့အလုပ်ခွင်တစ်ခု ဖြစ်စေမှာဖြစ်သလို Professional လည်း ပိုဆန်စေမှာဖြစ်ပါတယ်။
လူတိုင်းမှာ ပြဿနာတွေ အပူတွေဆိုတာ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အိမ်ကဖြစ်လာတဲ့ ပြဿနာတွေကိုတော့ အလုပ်ခွင်အထိ သယ်မလာမိစေဖို့ ဂရုပြုသင့်ပါတယ်။ အလုပ်က အလုပ်သက်သက် ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စက သက်သက် ခွဲခြားတတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ အပူတွေကို အလုပ်ခွင်ထိသယ်လာပြီး လုပ်ဖော်ကိုင်ဖက်တွေကိုပါ ကိုယ်ရဲ့ အပူတွေသောကတွေ ကူးစက်စေတာ Professional မဆန်သူတွေရဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
Source : Freepik
အလုပ်ခွင်တွေတော်တော်များများမှာ ဝန်ထမ်းအချင်းချင်း သွေးတိုးရန်တိုက်ကာ ကြားထဲကနေ ခလောက်ဆန်တဲ့ သူတွေကြောင့် ပြဿနာတွေအများကြီး ဖြစ်ပြီးအလုပ်ထွက်သွားရသူတွေ အများကြီးရှိပါတယ်။ ဒီလိုကိစ္စမျိုးဟာ Professional မဆန်တဲ့အပြင် အရမ်းကိုယုတ်ညံ့ရာရောက်ပါတယ်။ အဓိကအားဖြင့် အမျိုးသမီးဝန်ထမ်းတွေကြားမှာ အဖြစ်များတတ်တဲ့ ပြဿနာတစ်ခုပါ။ စကားတွေကို လျှာရိုးမရှိတိုင်း ဖောင်းပွအောင်လျှောက်ပြောပြီး ဝန်ထမ်းအချင်းချင်း ပြဿနာဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ကျဉ်မှသာ အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။
တစ်ချို့သောဝန်ထမ်းတွေဟာ အလုပ်ကထွက်သွားပေမယ့် ဒီအလုပ်ရဲ့ မကောင်းသတင်းတွေကို တမင်ရည်ရွယ်ချက်ရှိရှိ လျှောက်ပြောတတ်ကြပါတယ်။ ကိုယ်နဲ့အဆင်မပြေလို့ ထွက်ခဲ့တယ်ဆိုရင်တောင် ကိုယ်လုပ်ခဲ့တဲ့အလုပ်အပေါ် မကောင်းသတင်း ပြောခြင်း ၊ လူမှုကွန်ယက် ဖေ့ဘွတ်ခ်ပေါ်ကနေ စောင်းမြောင်းရေးသားခြင်းတွေ လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်ထွက်ခဲ့တဲ့အလုပ်ကို မကောင်းကြောင်းပြောတော့မယ်ဆိုရင် ဒီအလုပ်ကို စလျှောက်ခဲ့တုန်းကအချိန်တွေကို ပြန်သတိရလိုက်ပါ။