ကျွန်တော်တို့လူသားများသည် အလေ့အကျင့်များကို ဖန်တီးကြသူတွေဖြစ်ပါတယ်။ အလေ့အကျင့်ဆိုရာမှာ ကောင်းတဲ့အလေ့အကျင့်လည်း ဖြစ်နိုင်သလို အလေ့အကျင့်ဆိုးတွေလည်းဖြစ်နိုင်ပါတယ်။
အလေ့အကျင့်များ မွေးမြူရာမှာ ကောင်းတဲ့အလေ့အကျင့်များကို နည်းမှန်လမ်းမှန်အသုံးပြုကာ ပြုစုပျိုးထောင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ဘဝ တိုးတက်အောင်မြင်မှုအတွက် အထောက်အကူပြုနိုင်မှာမဟုတ်လား။
ဒါဆိုရင် ကိုယ် ဖန်တီးပြုလုပ်နေတဲ့ အလေ့အကျင့်တွေက ကောင်း မကောင်း ဘယ်လို သိနိုင်မလဲ။ ကောင်းတဲ့အလေ့အကျင့်များကို ဘယ်လိုနည်းလမ်းများနဲ့ ဖန်တီးနိုင်မလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။
ကိုယ့်ရဲ့အလေ့အကျင့်များကို ပြန်လည်ဆန်းစစ်ကြည့်ပါ
Photo Source: Lifepurposeinstitute.com
ကျွန်တော်တို့သည် ကိုယ်ကိုယ်တိုင် ပြုလုပ်နေမိတဲ့ အလေ့အကျင့်များကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သတိမထားမိတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဦးဆုံး ပြုလုပ်ရမယ့်အချက်ကတော့ ကိုယ့်ရဲ့အလေ့အကျင့်ကို ပြန်လည်ဆန်းစစ်ဖို့ပါပဲ။
သင်သည် အလုပ်များလွန်းလို့ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်ဖြစ်ဘူးလား။ မအားလို့ဆိုပြီး ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် အသစ်သော လေ့လာသင်ယူမှုတွေကို မပြုလုပ်ဖြစ်ဘူးလား။ ဝင်ငွေထက် သုံးငွေက ပိုများနေပါသလား အစရှိတဲ့အချက်များကို ပြန်လည်ဆန်းစစ်ကာ သင့်ရဲ့အလေ့အကျင့်များကို အကောင်း၊ အဆိုး ခွဲခြားလိုက်ပါ။ ဒါသည် အဆင့် (၁) အနေနဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ချပါ
Photo Source: Poetsandquants.com
အဆင့် (၂) အနေနဲ့ကတော့ သင့်ရဲ့အလေ့အကျင့်များကို ပြောင်းလဲ ပစ်မှာလား၊ ဒီအတိုင်းပဲ ထားမှာလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့တွေသည် တစ်စုံတစ်ခုကို ပြောင်းလဲပစ်ဖို့အတွက် အချိန်ဆွဲတတ်ကြပါတယ်။
နောက်နေ့မှ ပြောင်းမယ်၊ ဒီနေ့တော့ ထားလိုက်ဦးမယ် စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်တိုးတက်မှုကို တားဆီးပိတ်ပင်နေပါတယ်။ သင် အချိန်ပိုဆွဲလေ သင့်အတွက် အကျိုးယုတ်လေပါပဲ။ ဒါ့ကြောင့် ကိုယ့်ရဲ့အကျင့်ဆိုးများကို ပြောင်းလဲပစ်ဖို့ အမြန်ဆုံး ဆောင်ရွက်ပါ။
စိတ်ကူးယဉ်ကြည့်ပါ
Photo Source: Vecteezy.com
အလေ့အကျင့်ကောင်းများကို ဘယ်အချိန်မှာ ဘယ်လိုပြုလုပ်နေမလဲဆိုတာကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ အတွေးရေယာဉ်နဲ့ ပုံဖော်ခြင်းသည် သင့်ရဲ့စိတ်ကို တက်ကြွစေပြီး မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖြစ်အောင် တွန်းအားပေးနေပါတယ်။
ကိုယ်ကြောက်ရွံ့တတ်တဲ့အရာများ၊ ကြုံတွေ့ရမယ့်အခက်အခဲများ၊ ကိုယ့် အားနည်းချက်များကို သေချာသိရှိနားလည်အောင် ပြုလုပ်ပြီးနောက် ကိုယ့်ရဲ့အလေ့အကျင့်ကောင်းများကို အသားပေးကာ သေသေချာချာမွေးမြူကြည့်လိုက်ပါ။
ကိုယ့်ကိုယ်ကိုယ် ဆုချပါ
Photo Source: Freepik.com
အဆင့် (၃) အနေနဲ့ စိတ်ကူးယဉ်ပါ။ နောက်တစ်ဆင့်တက်တဲ့အခါမှာတော့ လက်တွေ့ပြုလုပ်ရပါမယ်။ လက်တွေ့ပြုလုပ်တဲ့အခါ ကောက်ရိုးမီးလို ဟုန်းခနဲ ထတောက်တဲ့အပြုအမူမျိုး ပြုလုပ်ရမှာမဟုတ်ဘဲ ပုံမှန်အတိုင်း ဖြည်းဖြည်းမှန်မှန်ပြုလုပ်ရပါမယ်။ ရက် ၂၀ တိတိ ပုံမှန်အတိုင်း ပြုလုပ်နေမိမယ်ဆိုရင်တော့ ထိုအလေ့အကျင့်ကို စွဲသွားပါလိမ့်မယ်။ ရက် ၂၀ ပြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချပါ။ ဒီလိုဆုချခြင်းအားဖြင့် ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုရာရောက်စေပြီး စိတ်ဓာတ်ခွန်အား ထက်သန်နေဖို့လည်း တွန်းအားဖြစ်စေပါတယ်။
Source: Essentiallifeskills.net
Featured Image Source: Thebalancesmb.com