တွေ့ဆုံခြင်းဟာ ပျော်ရွှင်မှုနဲ့အစပြုရပေမယ့် ခွဲခြားခြင်းတိုင်းဟာ နာကျင်ကြေကွဲမှုတွေနဲ့ ပြည့်နှက်နေတဲ့ အရာဖြစ်ပြီး အထူးသဖြင့် တစ်ဘဝလုံးစာ ရည်စူးခဲ့ရတဲ့ မိန်းကလေးနဲ့ လမ်းခွဲရတာဟာ အနာဂတ်တစ်ခုလုံး ပျောက်ဆုံးသွားသလို ခံစားရတဲ့အထိ ပြင်းထန်ပါတယ်။ အကောင်းဆုံးကို မျှော်လင့်ထားရမှာဖြစ်သလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်တာကြောင့် ချစ်သူနဲ့ လမ်းခွဲပြီးနောက် လုပ်ဆောင်သင့်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သီးသန့်နေရာတစ်ခုမှာ နေပါ

man looking at buildings

Photo: Unsplash

လမ်းခွဲပြီးတဲ့နောက်မှာ စိတ်ထိခိုက် နာကျင်နေရမှာဖြစ်တဲ့အတွက် စကားမပြောချင်ဘဲ ပြောနေရမယ့် နေရာမျိုးမှာ မနေသင့်ဘဲ သင်တစ်ယောက်တည်း အတွေးတွေနဲ့ နေထိုင်လို့ရမယ့် နေရာလေးတစ်ခုကို ရှာဖွေသင့်ပါတယ်။ အထူးသဖြင့် သင်နဲ့ ပြတ်စဲသွားပြီဖြစ်တဲ့ ချစ်သူဟောင်းနဲ့ ပြန်လည် မဆုံတွေ့နိုင်တဲ့နေရာမှာ နေထိုင်သင့်ပြီး လူမှုကွန်ရက်မှာလည်း မတွေ့အောင် Block လုပ်ထားသင့်ပါတယ်။ ချစ်သူစုံတွဲအများစုဟာ လမ်းခွဲပြီးနောက်မှာတောင် အကျင့်ပါပြီး လူမှုကွန်ရက်ကနေ အရင်လို စကားတွေ ပြောနေပြီးမှ လမ်းခွဲခဲ့ကြပြီးပြီဆိုတာကို ပြန်လည်သတိပြုမိသွားပြီးတော့ ဆက်ပြောစရာစကားလုံးမရှိဘဲ ပြီးဆုံးသွားတဲ့ conversation မျိုး ရှိတတ်ကြတာကြောင့်ပါ။

၂။ အလုပ်များနေအောင် နေပါ

man working with laptop

Photo: Unsplash

အလုပ်များနေအောင် ရုံးမှာ ရှိသမျှအလုပ်အားလုံး လိုက်လုပ်နေလည်း ပိတ်ရက်တွေမှာ အခြားစုံတွဲတွေ မြင်ရင် သေချင်စိတ်ပေါက်တဲ့အထိ နာကျင်ရတတ်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ အအားမနေဘဲ သူငယ်ချင်းတွေနဲ့ မြို့တွင်းခရီးရှည်တစ်ခု ပန်းတိုင်သတ်မှတ်ပြီး နင်းတာမျိုး ဒါမှမဟုတ် အိမ်သန့်ရှင်းရေး၊ ပန်းပင်ရေလောင်းတာမျိုး လုပ်နေသင့်ပါတယ်။ အသောက်တစ်လိုင်းပဲ လုပ်ချင်တဲ့ ကွီးတွေအတွက်ကတော့ ပါးစပ်မစေ့အောင် ရယ်မောနေရမယ့် ဟာသကားမျိုးကြည့်ရင်း သောက်ဖို့ အကြံပေးချင်ပါတယ်။

၃။ ပြင်ပြင်ဆင်ဆင် နေပါ

man style with coat

Photo: Unsplash

အမျိုးသားအများစုဟာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ မိန်းကလေးကို ပိုင်ဆိုင်ရပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေကြပြီး အနာဂတ်အတွက် ငွေကိုသာ ကြိုးစားရှာဖွေလေ့ရှိကြပါတယ်။ ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ ညှင်းသိုးသိုးနဲ့ ဖိုသီဖတ်သီမနေဘဲ ဆံပင်ပုံစံပြောင်းတာ၊ အဝတ်အစားအသစ်၊ ဖိနပ်အသစ်တွေ ဝယ်ပြီး လန်းလန်းဆန်းဆန်းနေမယ်ဆိုရင် ချစ်သူဟောင်းက ပြန်မလာနိုင်တော့ပေမယ့် ချစ်သူသစ် ဖြစ်လာနိုင်တဲ့ မိန်းကလေးကတော့ သင့်ကို ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။

၄။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့

Young man on the boat

Photo: Unsplash

လူတွေက ကိစ္စတစ်ခုဖြစ်တိုင်းမှာ အပြစ်တင်ရမယ့်သူကို ရှာဖွေလေ့ရှိကြပြီး လမ်းခွဲပြတ်စဲမှုမှာ ဘယ်သူ့အပြစ်လို့မှ မမှတ်ယူသင့်ပါဘူး။ ချစ်သူစုံတွဲတွေ လမ်းခွဲပြတ်စဲမှုဟာ ကမ္ဘာပေါ်က နေရာတိုင်းမှာ စက္ကန့်တိုင်း ဖြစ်ပေါ်နေတဲ့ကိစ္စဖြစ်တာကြောင့် အရမ်းကြီး လေးလေးနက်နက် မခံစားသင့်ဘဲ ကိုယ်နဲ့ မတော်တဲ့ ဖိနပ်တစ်ရံကို စမ်းစီးမိခဲ့တယ်လို့သာ သဘောထားလိုက်ပါ။

၅။ လူတွေရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်ပါနဲ့

Fit and Handsome man

Photo: Unsplash

ရည်းစားနဲ့ ပြတ်လို့ အိမ်ထဲအောင်းပြီး ငိုနေရတာ ၂၀ ရာစုခေတ်လောက်ကလူတွေ လုပ်နေကျကိစ္စဖြစ်ပြီး ချစ်တာ၊ မုန်းတာ 5G မြန်နှုန်းထက် အဆပေါင်းများစွာမြန်တဲ့ ၂၁ ရာစုကာလကြီးမှာ သူများတွေ ဘယ်လိုထင်နေကြမလဲဆိုတာကို ဂရုမစိုက်ဘဲ ပုံမှန်သာ သွားလာနေထိုင်ပါ။ ချစ်သူနဲ့ လမ်းခွဲပြီးနောက်မှာ အကြောက်ရဆုံးလူတွေကတော့ ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်ပြီး သာမန်မိတ်ဆွေတွေက သနား ကရုဏာသက်စွာ အားပေးစကားပြောလေ့ရှိပေမယ့် ဘော်ဒါအရင်းတွေကတော့ စော်ပစ်ကောင်လို့ အားမနာ လျှာမကျိုး ပြောလာခဲ့ရင် စိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါးပဲ ရယ်မောပစ်လိုက်ပါ။

Featured Photo: Independent