ယခုလက်ရှိလုပ်နေတဲ့အလုပ်သည် မိမိဝါသနာနဲ့ မကိုက်ညီဘူး။ လမ်းမှားရောက်နေတယ်လို့ ခံစားနေရပါသလား။ လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် (သို့) မိမိဝါသနာပါတဲ့အလုပ် မိမိနဲ့အကိုက်ညီဆုံးအလုပ်ကို ဘယ်လိုပြန်လည်ရှာဖွေရမလဲ။
ဒီဆောင်းပါးလေးကတော့ လမ်းမှားရောက်နေသလို ခံစားနေရတဲ့ ယောကျာ်းများအတွက် သူတို့နဲ့ အသင့်တော်ဆုံးဖြစ်မယ့်အလုပ်ကို ရှာဖွေနိုင်မယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။
မိမိရဲ့ဝါသနာက ဘာလဲဆိုတာ ပြန်စဉ်းစားလိုက်ပါ
Photo Source: Tiege.com
သင့်ရဲ့အားလပ်ချိန်တွေမှာ ဘယ်လို Activities မျိုး လုပ်ဆောင်ရတာကို ကြိုက်နှစ်သက်ပါသလဲ။ အရင်ဦးဆုံး ကိုယ့်ရဲ့ဝါသနာတွေကို ချရေးလိုက်ပါ။ ထို့နောက် ထိုဝါသနာတွေကို ဘာ့ကြောင့်နှစ်သက်ရသလဲဆိုတဲ့ အကြောင်းပြချက်ပါ တစ်ခါတည်းရေးလိုက်ပါ။
တစ်ခါတလေမှာ မိမိရဲ့ဝါသနာကို အပျော်တမ်းအဆင့်မှာသာ ရပ်ထားချင်ကြပြီး တကယ့်ပရော်ဖက်ရှင်နယ်အဖြစ် ပြောင်းလဲဖို့စိတ်ကူးမျိုး သင့်မှာ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ သင်သည် ဘောလုံးကန်ရတာ ဝါသနာပါပေမယ့် တကယ့် နာမည်ကြီးဘောလုံးသမားဖြစ်လာဖို့ စိတ်ကူးတော့ သင့်မှာ မရှိတာမျိုးပေါ့။
အလုပ်သင်အဖြစ် ဝင်လုပ်ပါ
Photo Source: Abc.net
ယခုနောက်ပိုင်းတွင် တက္ကသိုလ်များသည် နောက်ဆုံးနှစ်ကျောင်းသားများအား အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ကုမ္ပဏီအချို့နှင့် ချိတ်ဆက်ပေးထားကြပါတယ်။ သင့်အနေနဲ့ မိမိအလုပ်ချင်ဆုံး ကုမ္ပဏီမှာ အလုပ်သင်အဖြစ် ဝင်လုပ်ရင်း သင်ယူလေ့လာကြည့်ပါ။ အလုပ်သင် နောက်ဆုံးနေ့ရောက်လို့ ထိုအလုပ်မှာ သင် လုပ်ကိုင်ရတာ ပျော်တယ်ဆိုရင် ထိုကုမ္ပဏီမှာပဲ အလုပ်ပြန်လျှောက်ကြည့်လိုက်ပါ။ ဒါမှမဟုတ် လုပ်ကိုင်ရတာ မပျော်ဘူးဆိုရင်တော့ တခြားကုမ္ပဏီမှာပဲ နောက်ထပ် သုံးလလောက် အစမ်းခန့်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။
လုပ်အားပေး ဝင်လုပ်ပါ
Photo Source: Townoflegal.com
Volunteer အလုပ် လုပ်ခြင်းသည် အလုပ်သင်နှင့် သဘောတရားခြင်းအတူတူပဲဖြစ်ပါတယ်။ မတူတဲ့အချက်တစ်ခုကတော့ အလုပ်သင်သည် သတ်မှတ်ချိန်ပြည့်အောင် လုပ်ကိုင်ရပြီး လုပ်အားပေးကျတော့ သင် သဘောမကျတာနဲ့ ချက်ချင်း နောက်တစ်ခုသို့ ပြောင်းလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ထိုလုပ်အားပေးအလုပ်တွေကနေတဆင့် သင် ဝါသနာပါရာအလုပ်ကို ရှာဖွေနိုင်ပါတယ်။
ကျွမ်းကျင်သော ပရော်ဖက်ရှင်နယ်များကို မေးခွန်းမေးကြည့်ပါ
Photo Source: Opbizz.com
သင် အလုပ်လုပ်ချင်တဲ့ နယ်ပယ်သစ်က လူတွေနဲ့ မိတ်ဆွေဖွဲ့ကြည့်ပါ။ ထို့နောက် သူတို့ရဲ့အလုပ်မှာ တစ်နေ့ တစ်နေ့ ဘာလုပ်ရသလဲ။ ဘယ်လိုအရည်အချင်းမျိုး လိုအပ်သလဲ။ သူတို့ရဲ့ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံက ဘာတွေရှိသလဲ စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးတွေ မေးကြည့်ရင်း ထိုနယ်ပယ်သည် သင်နဲ့ သင့်တော် မသင့်တော် ဆုံးဖြတ်နိုင်ပါတယ်။
သက်ဆိုင်ရာ သင်တန်းများ တက်ကြည့်ပါ
Photo Source: Freepik.com
နောက်ဆုံးအဆင့်အနေနဲ့ သင်သည် ဒီနယ်ပယ်ထဲမှာ အလုပ်ဝင်လုပ်ဖို့ စိတ်ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ လိုအပ်တဲ့အရည်အချင်းများ ဖြည့်ဖို့လိုအပ်ပါပြီ။ ဒါဆိုရင်တော့ ထိုအလုပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ သင်တန်းတစ်ခုခု ရှာဖွေကာ တက်ကြည့်ပါ။ သင်တန်း တက်ရာမှာလည်း အမှန်တကယ်အသင်အပြကောင်းပြီး စေတနာပါပါနဲ့ သင်ကြားပေးတဲ့ သင်တန်းမျိုးကိုသာ ရွေးချယ်တက်ရောက်သင့်ပါတယ်။ သင့်အနေနဲ့လည်း သင်တန်းတက်ရာမှာ သင်တန်းဆင်းလက်မှတ် ရရင် ပြီးရော ဆိုတဲ့စိတ်နဲ့ မတက်ဘဲ လက်တွေ့လုပ်ငန်းခွင်ဘဝမှာ ပြန်လည်အသုံးချနိုင်ရမယ် ဆိုတဲ့စိတ်နဲ့ တက်ရောက်သင်ယူသင့်ပါတယ်။
Source: Moneycrashers.com