မကြာခဏခေါင်းကိုက်တက်သူတွေ နာတာရှည်ခေါင်းကိုက်ဝေဒနာ ခံစားနေရသူတွေအတွက် မကြာခဏ ဆရာဝန်ဆီသွားစရာမလို ၊  ဆေးထိုးဆေးသောက်ဖို့ မလိုတဲ့ သဘာဝအတိုင်း ခေါင်းကိုက်ပျောက်စေမယ့် နည်းလမ်းကောင်းတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

Source : Shutterstock

ရေခဲအဝတ်ကပ်ပါ – လက်ကိုင်ပဝါ သို့မဟုတ် အဝတ်အစတစ်ခုမှာ ရေခဲတုံးကိုထည့်ပြီး နဖူးနဲ့ နားထင်လိုနေရာတွေကို ခပ်ဖွဖွလိုက်ကပ်ပေးပါ။ ရေခဲအဝတ်ကပ်ပေးတာက ခေါင်းကိုက်ခြင်းကို အလျင်မြန်ဆုံးသက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အလင်းတွေလျော့ထားပါ – ဖုန်း ၊ ကွန်ပြူတာ နဲ့ နေရောင်ကလာတဲ့အလင်းတွေက ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် ဖုန်းတွေ ကွန်ပြူတာသုံးတာတွေကို ခဏလောက်ရပ်ထားလိုက်ပါ။ နေရောင်အရမ်းစူးနေတယ်ဆိုရင်လည်း ပြတင်းပေါက်ကို အလင်းမဝင်နိုင်အောင် လိုက်ကာချလိုက်တာ အဝတ်တစ်ခုနဲ့ကာလိုက်တာမျိုး လုပ်ပေးပါ။

ရေများများသောက်ပါ – ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါပဲ။ ဒါ့ကြောင့် ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့ အထူးဂရုစိုက်သင့်ပြီး တစ်နေ့တာမှာလုံလောက်တဲ့ရေဓာတ်ပမာဏကို သောက်သုံးပေးသင့်ပါတယ်။

ကဖိန်းဓာတ်အနည်းငယ်မှီဝဲပါ – ကော်ဖီ လက်ဖက်ရည်ကဲ့သို့ ကဖိန်းဓာတ်ပါတဲ့ သောက်စရာတစ်ခုခု သောက်လိုက်ပါ။ ကဖိန်းဓာတ်မှာ acetaminophen ကဲ့သို့နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့အစွမ်းသတ္တိ ရှိပါတယ်။ သို့သော် ကဖိန်းဓာတ် အလွန်အကျွံသောက်သုံးတာမျိုးတော့ လုံးဝ ရှောင်ကျဉ်ပေးပါ။

Source : Shutterstock

နှိပ်နယ်ပေးပါ – ခေါင်းကိုက်တဲ့အခါ နဖူး ၊ လည်ပင်းနဲ့ ဦးခေါင်းကို ခပ်ဖွဖွ နှိပ်နယ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ဒါက ခေါင်းကခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲကတစ်ခုပါပဲ။

ဂျင်းလက်ဖက်ရည်သောက်ပါ – လေ့လာမှုတွေအရ ဂျင်းလက်ဖက်ရည်သောက်သုံးပေးတာက ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ နာကျင်ကိုက်ခဲခြင်းတွေကို သက်သာနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ခေါင်းကိုက်တဲ့အခါ ဂျင်းလက်ဖက်ရည်ခပ်နွေးနွေးတစ်ခွက်သောက်လိုက်ပါ။ အချိန်တိုအတွင်း သက်သာလာပါလိမ့်မယ်။