ကောင်မလေးတွေဆိုတာ ကိုယ့်ချစ်သူကောင်လေးအပေါ် ခဏခဏ စိတ်ကောက်တတ်တဲ့အမျိုးတွေပါ။ ကိုယ့်အပေါ် အနွံတာခံပြီး ချစ်ပေးတဲ့ ချစ်သူဆိုတော့ နွဲ့ဆိုးဆိုးချင်တာလည်းပါမှာပေါ့လေ။ ကောက်စရာအကြောင်းအရင်းတစ်ခုမှမရှိရင်တောင် ရှာကြံပြီး ဘယ်လိုကောက်ရမလဲဆိုပြီး တွေးနေတတ်ကြသူလေးတွေပါ။ နောက်ဆုံး အကြောင်းအရင်းရှာမရရင်တောင် ကိုယ့်ဆံပင်ကိုယ် ကောက်နေတတ်ကြတာပါ။

တချို့ကောင်လေးတွေကျတော့ ကိုယ့်ကောင်မလေးစိတ်ဆိုးသွားရင် ပြာပြသလဲဖြစ်သွားပြီး အသည်းအသန်ချော့တတ်ကြပေမယ့် တချို့ကျတော့လည်း မချော့တတ်ဘူးဆိုတဲ့ ဘူးတစ်လုံးနဲ့တင် စိတ်ကောက်နေတဲ့ ချစ်သူလေးကို ပစ်ထားလိုက်ကြပါရော။

ကောင်မလေးတွေ စိတ်ကောက်တယ်ဆိုတာကလည်း အချော့ခံချင်ကြလို့ ကောက်တာပါ။ ဒါကိုမှ ကိုယ်က မချော့ဘဲ ပစ်ထားလိုက်မယ်ဆိုရင် အကြီးအကျယ် မိုးမီးလောင်သွားပါလိမ့်မယ်။ တချို့အတွဲတွေ ပြတ်ကြတာကလည်း ခဏခဏ စိတ်ကောက်တတ်တဲ့ကောင်မလေးနဲ့ ချော့ရမှာ စိတ်မရှည်တဲ့ကောင်လေးနဲ့ တွေ့ကြလို့ပါ။ ဒီဆောင်းပါးလေးက မချော့တတ်ပါဘူးဆိုတဲ့ ကိုကိုတို့အတွက် ရည်ရွယ်ရေးသားပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

ဖုန်းဆက် ချော့ပါ

Source: Shutterstock

ကိုယ့်ကောင်မလေး စိတ်ကောက်နေပြီဆိုတာကို ကိုယ့်ဘက်က ရိပ်မိနေဖို့လိုပါတယ်။ သူကလည်း သင့်ကို စိတ်ကောက်နေကြောင်း အရိပ်အမြွက်ပေးတဲ့အနေနဲ့ Facebood တို့ Messenger တို့ကနေBlock ပါလိမ့်မယ်။ဘလော့ခံရပြီဆိုတာကို သင် သိလျှင် သိချင်းပဲ သူမကို ဖုန်းဆက်ချော့လိုက်ပါတော့။ ပထမတစ်ခေါက် ဆက်ရုံနဲ့တော့ ကိုင်မယ်လို့ မမျှော်လင့်လိုက်ပါနဲ့။ သူတို့စိတ်ကောက်နေတဲ့အချိန်မှာ ပထမဆုံးဖုန်းကောလ်နဲ့တင် ဘယ်တော့မှ ဖုန်းဖြေလေ့မရှိပါဘူး။ ဒါကိုပဲ သင့်အနေနဲ့ ဖုန်းမကိုင်လို့ဆိုပြီး ဆက်မခေါ်မိလို့ကတော့ ထပ်ကွိုင်နိုင်ပါတယ်။

သူက ကိုယ့်ဖုန်းကိုပါ ဘလော့ထားတယ်ဆိုရင်ရော ဘယ်လိုလုပ်ရမလဲ

Source: Shutterstock

ဖုန်းကို ဘလော့ထားတာ ဘယ်လို ဖုန်းဆက်ချော့ရမှာလဲလို့ သင်က ပြန်ပြောရင် သင့် ကောင်မလေး ဘာပြန်ပြောမယ် ထင်ပါသလဲ။ “နင့် ဖုန်းကိုပဲ ဘလော့ထားတာလေ၊ နင့် သူငယ်ချင်းဖုန်း၊ အဖေ၊ အမေ ဖုန်းတွေကို ဘလော့ထားတာမှ မဟုတ်တာ၊ အဲ့ဖုန်းတွေနဲ့ ဆက်ပါလား” လို့ မယ်မင်းကြီးမလေးတွေက ပြန်ရစ်ပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ကောက်ပြေစေချင်တယ်ဆိုရင် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ချော့တတ်ပါစေ။

သူမ ကြိုက်တတ်တဲ့ မုန့်လေးတွေနဲ့ မျှားပြီး ချော့ပါ

Source: Shutterstock

ကောင်မလေးအများစုက အစား စားနေရရင် ပျော်နေတတ်ကြတဲ့ Foodies လေးတွေပါ။သူ့ချစ်သူတစ်ယောက်အနေနဲ့သူမအကြိုက်အစားအစာနဲ့မုန့်တွေကိုသိထားဖို့လိုပါမယ်။ ဒါမှ စိတ်ဆိုး စိတ်ကောက်တိုင်း အလွယ်တကူချော့လို့ရမှာပါ။

လက်ဆောင်လေးတွေ ပေးပြီး ချော့ပါ

Source: Shutterstock

တချို့ကောင်မလေးတွေကျတော့ အစားအသောက် မမက်မောကြပါဘူး။ အလှကုန်ပစ္စည်းတို့ အဝတ်အစားတို့ စတဲ့ အလှအပဆိုင်ရာနဲ့ ပတ်သက်လာရင် ကိုရီးယားမင်းသမီးရှုံးရလောက်အောင် လှချင်သူတွေပါ။ သူတို့ကိုကျတော့ အလှကုန်ပစ္စည်းလေးတွေနဲ့ ချော့ရပါမယ်။ ဥပမာ သင့်ကောင်မလေးက ဦးစိုင်းဖန်ဆိုရင် SAI Cosmetics လေးတွေ လက်ဆောင်ပေးပြီး ချော့တတ်ရပါမယ်။

ချော့နည်းတွေ အကုန်လုံးကတော့ ပိုက်ဆံကုန်မယ့် ချော့နည်းတွေပါပဲ။ ဖုန်းဆက်ချော့ရင်လည်း ဖုန်းဘေလ်ကုန်ပါမယ်။ မုန့်ဝယ်ကျွေးမယ်၊ လက်ဆောင်ဝယ်ပေးပြီး ချော့ရတာလည်း ပိုက်ဆံကုန်တာကြောင့် ပိုက်ဆံအကုန်အကျမများချင်ဘူးဆိုရင် ဘယ်တော့မှ စိတ်ကောက်မခံပါနဲ့။ ကိုယ့်ကောင်မလေး စိတ်မကောက်အောင် ပျော်ရွှင်အောင်သာ ထားပေးလိုက်ပါလို့ အကြံပြုလိုက်ရပါတယ်။