အားလပ်ရက်တွေတိုင်းဟာ ပျော်စရာပါ။ မကြာခင်မှာလည်း (၄) ရက်ဆက်တိုက် ရုံးပိတ်ရက်ရှည်ကြီးလာတော့မှာဆိုတော့ အပျော်တွေတိုးပြီပေါ့။ အားလပ်ရက်တွေမှာ ကောင်းကောင်းအနားယူသင့်တာမှန်ပေမယ့် အိပ်လိုက်စားလိုက်ဖေ့ဘွတ်ခ်သုံးလိုက်နဲ့ပဲ အချိန်ကုန်သွားရင်တော့ နှမြောစရာကောင်းမှာသေချာပါတယ်။ဒါကြောင့် ဒီတစ်ခေါက်ပိတ်ရက်မှာ အားလပ်ချိန်တွေကို အကျိုးရှိရှိဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်းတချို့ မျှဝေပေးချင်ပါတယ်။
(၁) ရက်တိုခရီးထွက်ပါ

Source : Pinterest
Lockdown ကာလကို ရက်အတော်ကြာဖြတ်သန်းခဲ့ပြီးနောက် လူတိုင်းလိုလို စိတ်တွေမွန်းကြပ်ငြီးငွေ့နေကြတာ အမှန်ပါ။ ဒါကြောင့်အခုလို အားလပ်ရက်မှာ မွန်းကြပ်မှုတွေ ဖြေလျော့နိုင်ဖို့ စိတ်ခံစားမှုတွေ အပြောင်းအလဲဖြစ်သွားစေဖို့ ရက်တိုခရီးလေးထွက်သင့်ပါတယ်။ ရန်ကုန်နဲ့လည်းအရမ်းမဝေးတဲ့နေရာလေးတွေမှာ ၁ညအိပ်၂ရက်ခရီးလောက်ထွက်ပြီး ကျန်ရက်တွေကို အိမ်မှာထပ်ပြီး ကောင်းကောင်းအနားယူမယ်ဆိုရင် ဒီတစ်ခေါက်ပိတ်ရက်လေးက တကယ့်ကို စိတ်ရောလူပါအပန်းဖြေစေမှာသေချာပါတယ်။
(၂) စာအုပ်တစ်အုပ်ပြီးအောင်ဖတ်ပါ

Source : IzzyWeb.net
၂၀၂၀ နှစ်ဝက်လည်းကျိုးလာပြီဆိုတော့ သင့်အနေနဲ့ ပြီးခဲ့တဲ့လတွေအတွင်း စာအုပ်ဘယ်နှစ်အုပ်ဖတ်ပြီးပြီလဲ။ အချိန်မရလို့ အလုပ်များလို့ စတဲ့အကြောင်းပြချက်တွေကြောင့် စာအုပ်မဖတ်ဖြစ်ခဲ့သော်လည်းကောင်း ဖတ်ဖို့ရည်ရွှယ်ထားတဲ့စာအုပ်တွေရှိရင်သော်လည်းကောင်း ဒီတစ်ခေါက်ပိတ်ရက်မှာတော့ စာအုပ်တစ်အုပ်ပြီးအောင် သေချာပေါက်ဖတ်ဖို့အကြံပြုချင်ပါတယ်။ ၄ ရက်ဆိုတဲ့အချိန်က စာအုပ်တစ်အုပ်ပြီးအောင်ဖတ်ဖို့ လုံလောက်တဲ့အချိန်တစ်ခုဖြစ်တာကြောင့် အားလပ်ရက်မှာစာအုပ်ဖတ်ရင်း အပန်းဖြေအနားယူလိုက်ရအောင်။
(၃) ဘော်ဒါတွေနဲ့ ဒိတ်ပါ

Source : Wise Bread
ရုံးပိတ်ရက်ရှည်အားလပ်ရက်တွေမှာ မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ ဘော်ဒါတွေနဲ့ ပြန်လည်ဆုံကြဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ တွေ့ဆုံခြင်းရဲ့ ကောင်းကျိုးတွေကတော့ ထွေထွေထူးထူးရှင်းပြစရာမလိုလောက်အောင် စိတ်ပျော်ရွှင်လန်းဆန်းခြင်းတွေရရှိမယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်ပါတယ်။ အရင်းနှီးဆုံးသူစိမ်းတွေဖြစ်တဲ့ သူငယ်ချင်းတွေကိုလည်း အားလပ်ရက်တွေမှာ အချိန်ပေးသင့်တာကြောင့် Covid – 19 အကန့်အသတ်ကာလတွေမှာ မတွေ့ဖြစ်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဘော်ဒါအပေါင်းအသင်းတွေနဲ့ တစ်ရက်လောက်အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်ပါ။
(၄) ပုံစံပြောင်းပါ

Source : A Healthier Michigan
စာဖတ်သူအနေနဲ့ ဖြတ်သန်းခဲ့တဲ့ ကာလတွေမှာကိုယ့်ကိုယ်ကို ဘာတွေအားမရတာမျိုးရှိခဲ့ပါသလဲ။ ဥပမာ နေထိုင်မှုပုံစံတွေမှားနေခဲ့လား အားကစားလုပ်ဖို့မေ့နေခဲ့လား ကိုယ့်ကိုယ်ကိုစိတ်ချမ်းအောင်ထားဖို့ရောမေ့နေခဲ့ပါသလား။ ဒါဆိုရင်တော့ အခုချိန်ကစပြီး ၂၀၂၀ ရဲ့ ကျန်နေသေးတဲ့ နှစ်တဝက်ကို ကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လည် အစပြိုးဖို့ ပြင်ဆင်သင့်ပါတယ်။ အားကစားမလုပ်ဖြစ်ခဲ့ရင် အခုအားလပ်ရက်တွေကစတင်ပြီး နေ့စဉ်ပုံမှန်အားကစားပြန်လုပ်ပါ။ အိပ်ချိန်စားချိန်နဲ့ နေထိုင်မှုပုံစံတွေမှားနေခဲ့ရင်လည်းပြင်ဆင်လိုက်ပါ။ ကိုယ့်ကိုယ့်ကို မကောင်းဘူးထင်တဲ့အရာတွေကို အခုပိတ်ရက်ကစတင်ပြောင်းလဲပြီး ၂၀၂၀ ကိုဆက်လက်ဖြတ်သန်းမယ်ဆိုရင် နှစ်ကုန်ချိန်မှာ အောင်မြင်မှုရလဒ်တွေကို ခံစားရစေမှာသေချာပါတယ်။
