ကိုဗစ်ကာလမှာအိမ်တွင်းအောင်းပြီး ဆိုရှယ်မီဒီယာပေါ်မှာပဲ နေ့ရောညပါအချိန်ကုန်နေမိပြီလား။ ဆိုရှယ်မီဒီယာအသုံးပြုခြင်းက ကောင်းကျိုးတွေရှိပေမယ့်လည်း အလွန်အကျွံသုံးစွဲနေမိရင်တော့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာမှာ ဖုန်းအသုံးပြုမှု ဆိုရှယ်မီဒီယာအသုံးပြုမှုအရမ်းကိုများနေတယ်လို့ ခံစားနေရင် အခုပြောပြမယ့်နည်းလမ်းလေးတွေကို လက်တွေ့အသုံးချကြည့်လိုက်ပါနော်။

(၁) ဆိုရှယ်မီဒီယာလုံးဝမသုံးတဲ့နေ့သတ်မှတ်ပါ

Source : Freepik

တစ်ပတ်ကိုတစ်ကြိမ် (သို့မဟုတ်) တစ်လကိုတစ်ကြိမ်လောက်ဆိုရှယ်မီဒီယာလုံးဝမသုံးတဲ့နေ့တစ်နေ့သတ်မှတ်ထားသင့်ပါတယ်။ (၂၄) နာရီလုံးလုံး ဆိုရှယ်မီဒီယာတွေအသုံးမပြုရတဲ့အတွက် အစပိုင်းမှာတော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ စိတ်မပူပါနဲ့ တစ်ခေါက်နှစ်ခေါက်လောက်ဆိုအဆင်ပြေသွားမှာပါ။ Social Media Detox လုပ်ခြင်းကစာဖတ်သူတို့ရဲ့ စိတ်ရောခန္ဓာကိုယ်ကိုပါကောင်းကျိုးတွေများစွာသက်ရောက်စေနိုင်သလို ဆိုရှယ်မီဒီယာစွဲလန်းစိတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

(၂) ဝါသနာအသစ်တစ်ခုခုရှာဖွေပါ

Source : Shutterstock

အိပ်ယာနိုးတဲ့အချိန် ဆိုရှယ်မီဒီယာသုံးဖို့ ဖုန်းကိုင်နေမယ့်အစား သီတင်းစာ ဒါမှမဟုတ်စာအုပ်တစ်ခုခုဖတ်လိုက်တာပိုပြီး အကျိုးရှိပါတယ်။ စာဖတ်ခြင်းကဲ့သို့ တခြားသောအကျိုးရှိစေမယ့် ဝါသနာသစ်တစ်ခုခုကိုရှာဖွေပြီး ဆိုရှယ်မီဒီယာအသုံးပြုမယ့်အချိန်တွေမှာအစားထိုးလိုက်ပါ။ ဥပမာ ဂစ်တာတီးခြင်း ငါးဖမ်းထွက်ခြင်း ဘိုးလင်းပစ်ခြင်းကဲ့သို စိတ်ဝင်စားဖို့ကောင်းပြီး သင်ရဲ့စိတ်ကိုအပြောင်းအလဲဖြစ်စေမယ့် ဝါသနာတစ်ခုခုပြုလုပ်မယ်ဆိုရင် ဆိုရှယ်မီဒီယာအသုံးပြုမှုလျော့နည်းသွားမှာပါ။

(၃) ဆိုရှယ်မီဒီယာအသုံးပြုချိန်ကိုသတ်မှတ်ပါ

Source : The Verge

ယခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်ကို Tracking လုပ်ပေးတဲ့ အက်ပလီကေးရှင်းတွေပေါ်လာပါပြီ။ သင်ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်ပမာဏပေါ်မူတည်ပြီး သတိပေးတဲ့လုပ်ဆောင်ချက်တွေနဲ့ သင့်ရဲ့ဆိုရှယ်မီဒီယာအသုံးပြုချိန်ကို ခြေရာခံပြီး မှတ်သားထားမှာဖြစ်ပါတယ်။ တစ်နေ့တာလုံးအတွက် ဆိုရှယ်မီဒီယာ အသုံးပြုချိန်ကို သတ်မှတ်ထားပေးတဲ့အတွက် နာရီပေါင်းများစွာ အချိန်ကုန်ဆုံးနေခြင်းမှ ရပ်တန့်နိုင်ပါလိမ့်မယ်။

(၄) Likes and Follows တွေ့ကိုမေ့လိုက်ပါ

Source : 123RF.com

လူတော်တော်များများက ဆိုရှယ်မီဒီယာပေါ်က Likes တွေ Follows တွေနဲ့ လူကြိုက်များခြင်းတွေအပေါ် ယစ်မူးနေတက်ကြပါတယ်။ ကိုယ့်ဓာတ်ပုံ Like ဘယ်လောက်ရလဲ ကိုယ့်အကောင့်မှာ Follower ဘယ်နှစ်ယောက်တိုးလာလဲဆိုတာအပေါ် ခံစားချက်တွေအများကြီးထားနေကြတာပါ။ တကယ်တော့ Likes တွေ Follows တွေ ကလက်တွေ့ဘဝမှာတော့ အများကြီးအကျိုးသက်ရောက်မှုမရှိစေပါဘူး။ Likes တွေ Follows တွေစောင့်ကြည့်နေရခြင်းဟာ သင့်ကိုဆိုရှယ်မီဒီယာပေါ်မှာအချိန်ပြည့်ရှိနေစေတဲ့အဓိကအကြောင်းအရင်းဖြစ်တာကြောင့် ဒါတွေအားလုံးကိုမေ့လိုက်ပါ။ ဆိုရှယ်မီဒီယာကိုပေ့ါပေါ့ပါးပါးနဲ့ အကျိုးရှိတဲ့အရာတွေအတွက်ပဲသုံးဖို့အကြံပြုချင်ပါတယ်။