အလုပ်လျှောက်တော့မယ်ဆိုရင် ကိုယ့်အကြောင်းကို တစ်ဖက်လူသိအောင် ပြောပြတဲ့ Cover Letter တစ်စောင် ရေးပို့ရလေ့ရှိပါတယ်။ မဂ္ဂဇင်းတစ်အုပ် ၊ ဂျာနယ်တစ်စောင်ကို အဖုံးကို ကြည့်ပြီး အထဲကို ဝင်ဖတ်ချင်အောင်ရေးတဲ့ မျက်နှာဖုံးဆောင်းပါးလိုပါပဲ။ Cover Letter ဟာ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာနဲ့ ကိုယ့်ရဲ့ အရည်အချင်းတွေကို တန်ဖိုးတင်ပေးမယ့် စာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Cover Letter ကို လျှော့မတွက်စေချင်ပါဘူး။ ကိုယ့်ရေးလိုက်တဲ့ Cover Letter ဟာ အလုပ် ခေါ်ချင်စရာကောင်းအောင် ထူးခြားနေဖို့ လိုပါတယ်။ ဒီတော့ Cover Letter ကောင်းတစ်ခုမှာ ဘယ်လို features တွေ ပါဝင်သလဲဆိုတာ သိထားသင့်ပါတယ်။
(၁) Format မှန်ပါစေ

Photo: dumblittleman
Cover Letter တစ်စောင်မှာ အရင်ဆုံး အရေးကြီးတာက Format ကျဖို့ ဖြစ်ပါတယ်။ စာရဲ့ ဘယ်ဘက်ထိပ်မှာ ရက်စွဲကို အရင်ညွှန်းထားပြီး ရက်စွဲအောက်မှာမှ ကိုယ်ပေးပို့မယ့် ပုဂ္ဂိုလ်ရဲ့ နာမည် ၊ ရာထူး ၊ ဌာနနဲ့ ကုမ္ပဏီလိပ်စာရေးရမှာပါ။ တစ်မျက်နှာစာအတွင်းမှာ Cover Letter ကို ထိရောက်မှုရှိရှိ ရေးရမှာပါ။ စာရှည်ရင်တော့ ဘယ်သူမှ ဖတ်ချင်မှာ မဟုတ်လို့ ဖြစ်ပါတယ်။ နောက်တစ်ခုက စာလုံးပေါင်းမှန်ဖို့လည်း ဂရုစိုက်ပါ။ သဒ္ဒါအထားအသို မှန်မမှန် စစ်ဆေးပါ။ Cover Letter တစ်စောင် ရေးပြီးသွားရင်တောင် အစအဆုံး ပြန်ဖတ်ကြည့်ပါ။ ဘယ်နားမှာ ဘယ်လို စကားလုံးဆိုရင် ပိုထိရောက်မလဲဆိုတာကို ပြန်ချိန်ဆပါ။ အကောင်းဆုံးဖြစ်ပြီဆိုမှ ပေးပို့လိုက်ပါ။
(၂) ကိုယ့်အကြောင်း ပြောပြပါ

Photo: The Balance Careers
Cover Letter ဟာ ကိုယ့်ကိုယ်ကိုယ် ရောင်းချတဲ့ ကြော်ငြာစာပါပဲ။ ကြော်ငြာသိပ်မဆန်ဖို့တော့ ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရာမှာ Impression ကောင်းရစေဖို့ ထိရောက်ပြီး လုပ်ငန်းခွင်နဲ့အပ်စပ်တဲ့ စကားလုံးတွေသုံးပြီး ကိုယ့်အခု လျှောက်ထားတဲ့ အလုပ်နေရာနဲ့ ပတ်သက်လို့ ကိုယ်နဲ့ ကိုက်ညီမှုရှိကြောင်း ပြောပြပါ။
(၃) ကိုယ့်အရည်အချင်းတွေ ထုတ်ပြပါ

Photo: Energy Resourcing
ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် နောက်တစ်ပိုဒ် နှစ်ပိုဒ်မှာ အခု လျှောက်ထားတဲ့ အလုပ်မှာ ကိုယ့်ကို ဘာလို့ ရွေးသင့်သလဲဆိုတာကို သက်သေထူနိုင်မယ့် ကိုယ့်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံတွေအကြောင်း ပြောပြရမှာပါ။အရင်အလုပ်နဲ့ ပရောဂျက်တွေမှာ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ချပြဖို့ လိုပါတယ်။
(၄) ကိုယ့်ကိုဘာကြောင့် ရွေးသင့်သလဲ ပြောပြပါ

Photo: actingbiz
ကိုယ်လိုပဲ အလုပ်လျှောက်သူတွေထဲမှာ ကိုယ့်နဲ့တန်းတူ / ကိုယ့်ထက် သာလွန်တဲ့ အရည်အချင်းရှိသူတွေလည်း ပါနိုင်ပါတယ်။ ဒီလိုလူတွေအကြားမှာ ဘာကြောင့် ကိုယ်က ဒီအလုပ်နဲ့ အကိုက်ဆုံးလဲဆိုတာကို ပြောဖို့ အကြောင်းပြချက်ကောင်းတစ်ခု ရွေးထားသင့်ပါတယ်။
