အဝတ်အစားဝယ်တော့မယ်ဆိုရင် စဉ်းစားစရာတွေ အများကြီး ပေါ်လာပါတယ်။ ဘယ်လို အရောင်ဝယ်မှာလဲ။ ဘယ်လို အမျိုးအစားဝယ်မှာလဲ။ ဘယ်လို ဒီဇိုင်းမျိုး သဘောကျသလဲ။ ဘယ်တံဆိပ်ဝယ်ဖို့ စဉ်းစားထားသလဲ။ ဘယ်အတွက် ဝတ်မှာလဲ။ ပိုက်ဆံဘယ်လောက် သုံးမလဲ စသည်ဖြင့် စဉ်းစားရင် စဉ်းစားသလောက် ခေါင်းရှုပ်စရာကောင်းပါတယ်။
ဒီလိုစဉ်းစားရတဲ့အထဲမှာ ဘယ်ရာသီမှာ ဝတ်ဖို့လဲ ဆိုတဲ့ မေးခွန်းလည်း မေးဖို့ လိုမယ်ထင်ပါတယ်။ အနွေးထည်လို Suit လို အဝတ်အစားတွေအတွက် ဒီမေးခွန်း မလိုပေမယ့် ရိုးရိုး Casual ဝတ်ဖို့ စဉ်းစားထားရင် ရာသီဥတုနဲ့ပါ ချိန် စဉ်းစားရပါတယ်။ အထူးသဖြင့် နွေရာသီလို ပူအိုက်ပြီး ချွေးသီးနေအောင် ကျတဲ့ ကာလမျိုးမှာ ရာသီဥတုကို မဖြစ်မနေ ထည့်တွက်ဖို့ လိုပါတယ်။ နွေရာသီမှာ ဝတ်ဖို့ အဝတ်အစား ဝယ်နည်း ဖော်မြူလာလေး မျှဝေချင်ပါတယ်။
Photo: New Balance
အဲ့ဒါကတော့ နွေရာသီမှာ သက်တောင့်သက်သာရှိဖို့ လေဝင်လေထွက်ကောင်းတဲ့ချည် + အရောင်ဖျော့ Light Tones + ချောင်ချိတဲ့ချုပ်လုပ်မှု Free Cut လို့ ဖြစ်ပါတယ်။ နွေဘက်မှာ ဝတ်တဲ့ အဝတ်အစားဟာ ပေါ့ပါးတဲ့ အဝတ်အစားတွေ ဖြစ်ဖို့ လိုပါတယ်။ သဘာဝချည်တွေ ဖြစ်တဲ့ ဝါ ၊ လီနင်စတဲ့ အသားမျိုးက လေဝင်လေထွက်ကောင်းပြီး ချွေးနဲ့ အိုက်မနေလို့ ရွေးချယ်သင့်ပါတယ်။
နေရောင်ထဲ ထွက်မယ်ဆိုရင် နေလောင်မသွားအောင် လက် ၊ ခြေတွေ လုံတဲ့ အဝတ်အစားမျိုး ဝတ်ပါ။ Free Cut ဆိုတာ ကိုယ်ဝတ်သင့်တဲ့ ဆိုဒ်ထက် တစ်ဆိုဒ်/နှစ်ဆိုဒ် တိုးဝတ်ဖို့ မဟုတ်ပါဘူး။ ဝတ်ရတာ ကျပ်ထုတ်မနေဘဲ လွတ်လပ်ပေါ့ပါးနေတဲ့ Cutting ဖြစ်ဖို့ပါ။ အရောင်အနေနဲ့ နွေဘက်မှာ အဖြူရောင် လက်ရှည်မျိုးဝတ်တာ အကောင်းဆုံးပါပဲ။ တစ်ရောင်တည်း တစ်ဆင်တည်းကြီးတော့ ဘယ်တော့မှ မဝတ်ဖို့ လိုပါတယ်။
တခြားအရောင်တွေဆိုလည်း ခပ်ဖျော့ဖျော့နဲ့ အပူကို ကန်နိုင်တဲ့ အရောင်မျိုး ရွေးဖို့ လိုပါတယ်။အရောင်အနေနဲ့ Solid Color တွေက အမျိုးသားတွေနဲ့ အတည်ငြိမ်ဆုံး အတွဲအစပ်ဖြစ်ပါတယ်။ Prints ကွက်တွေ ပါတဲ့ ဘောင်းဘီတွေကတော့ လူအများစုနဲ့ အဆင်မပြေတာ များပါတယ်။ Light Tines ဖြစ်တဲ့ အပြာဖျော့ ရှပ်အင်္ကျီ ၊ ခရမ်းပြာဖျော့ရောင် ၊ အဖြူရောင် ရှပ်လေးတွေ ဝတ်တာ အကောင်းဆုံးပါပဲ။
Photo: hundreddollarsuits
ဝတ်တာကတော့ ဘောင်းဘီတိုတွေက နွေရာသီမှာ အဆင်ပြေပါတယ်။ ဝတ်နိုင်တဲ့ အဝတ်အစားလေးတွေအနေနဲ့ လက်တိုရှပ်လေးတွေ ၊ Polo Shirt ၊ White Tee လေးတွေ ၊ ချည်သား ဘောင်းဘီရှည်တွေ နဲ့ White Sneaker တွေ ဖြစ်ပါတယ်။ Casual ဝတ်ဖို့အတွက်ဆိုရင် ကာကီဘောင်းဘီတို့ Cargo Shorts တွေလည်း ဝတ်ပြီး ပေါ့ပေါ့ပါးပါး စတိုင်ထုတ်နိုင်ပါတယ်။