COVID-19 ကပ်ဘေးကြောင့် ကုမ္ပဏီတော်တော်များများဟာ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်စေတဲ့ Work From Home မူကို ကြေညာလာပြီ ဖြစ်ပါတယ်။ အဓိကကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ကျရေးအတွက် လူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို လျှော့ချလိုက်တာပါ။
ရုံးမသွားရဘဲ တစ်ယောက်တည်း အိမ်မှာ ဧကစာသဘောနဲ့ အလုပ်လုပ်ဖို့ ရုံးက ညွှန်ကြားလာပြီဆိုရင် အလုပ်လည်း တွင်တွင်ကျယ်ကျယ် ပြီးမြောက်ဖို့နဲ့ ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်ဖို့ နည်းလမ်းလေးတွေ သိထားဖို့ လိုပါလိမ့်မယ်။ Work From Home လုပ်ရတော့မယ်ဆိုရင် ဒါလေးတွေ လိုက်နာသင့်ပါတယ်။
(၁) အလုပ်နေရာကောင်း ဖန်တီးပါ
Photo : Freepik
ကိုယ့်အိမ်ထဲမှာ ပျော်ပျော်ကြီး အလုပ်လုပ်နိုင်ဖို့ ကိုယ်ပိုင်ရုံးခန်းနေရာလေး ဖြစ်အောင် ဖန်တီးထားဖို့ လိုပါတယ်။ အိပ်ရာပေါ်မှာတင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ သက်တောင့်သက်သာ ရှိစေမယ့် ခုံနဲ့ စာရေးစားပွဲအပြင် လေဝင်လေထွက်ကောင်းပြီး စိတ်အာရုံပိုစုစည်းနိုင်မယ့် နေရာမျိုးမှာ အလုပ်လုပ်နိုင်အောင် စီမံသင့်ပါတယ်။
ဝတ်စားဆင်ယင်တာကအစ ရုံးသွားတော့မယ့် လူတစ်ယောက်လို ဝတ်ပါ။ ရေမိုးချိုးပြီး ဖြီးဖြီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်နဲ့ အလုပ်လုပ်ပါ။ အိမ်နေရင်း အဝတ်အစားကြီး ဝတ်ပြီး ခေါင်းစုပ်ဖွားနဲ့ အလုပ်စားပွဲထိုင်တာထက် အလုပ်လုပ်ရတာ ပိုပျော်ဖို့ကောင်းသလို အာရုံလည်း ပိုစိုက်စေပါလိမ့်မယ်။
(၂) တစ်နာရီတစ်ကြိမ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
Photo: Pexels
ထိုင်ခုံမှာ ဆက်တိုက်နာရီအကြာကြီး ထိုင်တာဟာ ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့အရာ ဖြစ်ပါတယ်။ လူလည်း အလုပ်လုပ်ရတာ ငြီးငွေ့လွယ်ပါတယ်။ ဖြစ်နိုင်ရင် အလုပ်စားပွဲပေါ်မှာ အချိန်မှတ်စက် Timer တစ်ခုထားပြီး တစ်နာရီပြည့်လို့ အချက်ပေးသံ မြည်တိုင်း လမ်းလေးဘာလေးလျှောက် ၊ အသက်လေးဘာလေး ရှုသင့်ပါတယ်။
(၃) အချိန်ဇယား ရှိပါစေ
Photo: Freepik
အလုပ်ကို အချိန်နဲ့ ဇယားနဲ့ လုပ်တာဟာ အလုပ်လည်း တွင်တဲ့အပြင် ကိုယ့်အတွက်လည်း အချိန်ပိုရစေပါတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ အချိန်ဇယားမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ Workout Schedule လည်း ပါပါစေ။ Gym မသွားဘဲနဲ့ အိမ်မှာတင် ကိုယ်လက်လှုပ်ရှားပေးနိုင်တဲ့ အားကစားတွေ အများကြီး ရှိပါတယ်။
နောက်ဆုံး အသက်ရှုလေ့ကျင့်ခန်းနဲ့ ယောဂလိုမျိုး စိတ်တည်ငြိမ်စေတဲ့ အလုပ်ကို လုပ်ဖို့ပါ တစ်နေ့တာ အချိန်ဇယားထဲမှာ ဖြည့်ထားသင့်ပါတယ်။ ရုံးပိတ်ရက်မှာ တတ်နိုင်သလောက် အလုပ်မလုပ်ပါနဲ့။ အလုပ်ကို အချိန်ဇယားနဲ့ လုပ်ပြီး အလုပ်နဲ့ ဘဝဟန်ချက်မျှစေအောင် ကြိုးစားသင့်ပါတယ်။
(၄) ကိုယ်တိုင်ဟင်းချက်စားပါ
Photo: Freepik
အိမ်မှာနေရင်း အလုပ်လုပ်နေချိန်မှာ အပြင်ကနေ အစားအစာ မှာစားတာမျိုး ရှောင်ပါ။ အလုပ်လည်း လုပ်ရင်း ကိုယ်လက်လည်း လှုပ်ရှားပြီး ဖြစ်အောင် ဟင်းချက်ဖို့အတွက် အချိန်လေး ထားပေးပါ။ တစ်နာရီ နှစ်နာရီမကြာဘဲ လတ်ဆတ်သန့်ရှင်းပြီး ကျန်းမာတဲ့ ဟင်းလျာတွေကို ချက်ပြုတ်နိုင်ပါတယ်။
(၅) အလုပ်ချိန် လေးစားပါ
Photo: Freepik
အလုပ်ကိစ္စအတွက် တစ်ချို့တွေက Skype နဲ့ အပြန်အလှန်ဆက်သွယ်တာ ၊ Video Conferencing လုပ်ရတာတွေ ရှိနိုင်ပါတယ်။ အကောင်းဆုံးက အိမ်မှာ အလုပ်လုပ်ချိန်မှာလည်း ရုံးကို လူကိုယ်တိုင် သွားရသလိုမျိုး အချိန်လေးစားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံပါ။ Social Connections မပြတ်တာဟာ စိတ်အားထက်သန် တက်ကြွမှု ဖြစ်လာပြီး အလုပ်ခွင် အချိတ်အဆက်လည်း ပိုပြီး စည်းချက်မိစေပါတယ်။