ဒီတစ်ခေါက်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရွှင်လန်းရေးအတွက် အထောက်အကူဖြစ်မယ့် နေ့စဉ် နေထိုင်နည်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ကျန်းမာအောင် နေထိုင်ဖို့အကြောင်းတွေ ပြောလာရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကို ချန်ထားလို့မဖြစ်ပါဘူး။ ဘယ်လိုအလေ့အကျင့်လေးတွေက စိတ်ကျန်းမာပျော်ရွှင်အောင် ကူညီပေးနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) အပေါင်းအသင်းနဲ့ နေထိုင်ပါ

Photo: Freepik
သူငယ်ချင်းအပေါင်းအသင်းတွေ ရှိတာ စိတ်ကို ကျန်းမာပျော်ရွှင်စေပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဟာ စိတ်ကျန်းမာဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းခြင်းအားဖြင့် နေ့စဉ်ဘဝဟာ စိတ်ဝင်စားစရာဖြစ်လာပြီး နေရတာ ပျော်စရာ ဖြစ်လာမှာပါ။
(၂) ဝါသနာပါတာလေးတွေ လုပ်ပါ

Photo: Freepik
ကိုယ်နှစ်သက်တာတစ်ခုခု လုပ်ဖို့ အချိန်ယူတတ်ပါစေ။ မနက်စောစော လမ်းလျှောက်တာ ၊ စာအုပ်ကောင်းလေးတွေ ဖတ်တာ ၊ ရေကူးတာ နဲ့ ဖန်တီးမှုပါတဲ့ အလုပ်ကလေးတွေ လုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။
(၃) ကူညီတတ်ပါစေ

Photo: Freepik
အခမဲ့စေတနာဝန်ထမ်းခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ရော တစ်ခြားသူတွေကိုပါ စောင့်ရှောက်တဲ့ အလုပ်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ရခြင်းဟာ ဂုဏ်ယူစရာဖြစ်ပြီး ကိုယ့်စိတ်ကိုလည်း ကောင်းမွန်တဲ့ ခံစားမှုပေးနိုင်ပါတယ်။
(၄) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

Photo: Freepik
ကျန်းမာတဲ့ကိုယ်ခန္ဓာဟာ ကျန်းမာတဲ့စိတ်နဲ့ ဆက်စပ်မှုရှိပါတယ်။ ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ညီအောင် စားပေးရပါတယ်။ ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားပေးပြီး အသင့်စား ပြုပြင်ထားတဲ့ အစားအသောက်တွေ ရှောင်ရှားသင့်ပါတယ်။ နေ့တိုင်း လှုပ်လှုပ်ရှားရှား နေပေးပါ။ အနည်းဆုံး လမ်းလျှောက်တာ ၊ အပင်စိုက်တာနဲ့ ကခုန်တာမျိုးတော့ လုပ်ပေးသင့်ပါတယ်။
(၅) စိတ်ဖိစီးမှု ကိုင်တွယ်ပါ

Photo: Freepik
စိတ်အလုပ်ဟာ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အေးဆေးတည်ငြိမ်အောင် ထားဖို့ ဖြစ်ပါတယ်။ စိတ်ဖိစီးမှု များခြင်းဟာ ကျန်းမာရေးအတွက် ပြဿနာဖြစ်ပါတယ်။ ယောဂလို ၊ တရားရှုမှတ်မှုလို နည်းစနစ်တွေ သုံးပြီး နေ့စဉ်ကြုံရတဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်ကုစားသင့်ပါတယ်။ လိုအပ်ရင် စိတ်ဖိစီးမှုမြင့်တဲ့ လုပ်ငန်းခွင်နဲ့ လူ့အသိုင်းအဝိုင်းထဲကနေ ထွက်ပြီး ခဏလောက် အနားယူပါ။ ခရီးရက်ရှည်သွားပါ။
