စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိသလို ဖြစ်အောင် ခြေကုန်လက်ပန်းကျ နွမ်းလျနေတာကို Burnout ဖြစ်တယ်လို့ ခေါ်တာပါ။ Burnout ဆိုတာ ခံစားချက်တွေပေါင်းစုံနဲ့ ပြည့်ကျပ်နေတတ်ပြီး ဘာကိုမှ မယ်မယ်ရရ မလုပ်နိုင်တော့တဲ့အခါမျိုးမှာ အဖြစ်များပါတယ်။ များသောအားဖြင့် အလုပ်ဒဏ်ပိရာကနေ အလုပ်လုပ်ချင်စိတ်တွေ ပျောက်ဆုံးပြီး အရာအားလုံးကို လွှတ်ချချင်တဲ့စိတ်တွေ ဖိစီးရင် Burnout ဝင်နေတယ်လို့ သုံးနှုန်းတတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ တက်ကြွကျန်းမာမှုလိုပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းလာဖို့အတွက် ကုစားပေးဖို့လိုပါတယ်။ စိတ်ဓါတ်နလန်ထရေးအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ပေးနိုင်ပါတယ်။ အရင်ဆုံး သိထားဖို့က Burnout ဖြစ်တယ် Stress ဝင်တယ်ဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာ ဆိုတာပါပဲ။ ကိုယ်ဖြစ်နေတဲ့ ခံစားချက်တွေ ယိမ်းယိုင်မှောင်မည်းလာတဲ့ အခြေအနေအပေါ်မှာ ရိုးသားမှုရှိဖို့ လိုပါတယ်။

Photo: Freepik
စိတ်ဖိစီးရှုပ်ထွေးလာတယ်ဆိုတာ သင့်ခန္ဓာကိုယ်က သင့်ကို အပြောင်းအလဲတစ်ခုခုလုပ်ဖို့ တောင်းဆိုတာပါ။ Burnout ကနေ ကိုယ့်ဘဝနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို ပိုပြီး ကောင်းမွန်အောင် ပြောင်းလဲဖို့ အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ Burnout ကြောင့် အလုပ်ထွက်စရာမလိုပါဘူး။ ရုံးမတက်ချင်ဘူးဆိုရင် အလုပ်က အထက်လူကြီးနဲ့ တိုင်ပင်ပြီး တစ်ပတ် နှစ်ပတ်လောက် အိမ်ကနေ အလုပ်လုပ်ကြည့်ပါ။
Burnout ဖြစ်နေရင် Over-Working တွေ လျှော့ပါ။ အိမ်ကနေ အလုပ်လုပ်လို့ အဆင်မပြေဘူး စိတ်ဖိစီးမှုလည်း မသက်သာဘူးဆိုရင် ရက်ရှည်ခွင့်ယူပြီး ကိုယ်ပျော်မယ့်အရာတွေနောက် လိုက်ပါ။ မရောက်ဖူးသေးတဲ့ နေရာတွေဆီ ခရီးတွေ ထွက်ပါ။ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ပျော်ပွဲစားတွေ သွားတာ ၊ သဘာဝပတ်ဝန်းကျင်ထဲ အချိန်ပိုယူတာတွေ လုပ်ပါ။ အလုပ်ခွင်ပြင်ပမှာ ရှိတဲ့ အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုခုကို ရှာဖွေပါ။
အသက်ပြင်းပြင်းရှုတဲ့ Deep Breathing လေ့ကျင့်ခန်း လုပ်တာ ၊ အိပ်ရေးဝအောင် အိပ်တာ ၊ ဖန်တီးမှုလေးတွေ လုပ်တာ ၊ ဒုက္ခရောက်နေသူ/အကူအညီလိုအပ်နေသူတွေကို အကူအညီပေးတာ ၊ ရယ်မောတာ ၊ အဖွဲ့လိုက်လှုပ်ရှားမှုတွေမှာ ပါဝင်တာ ၊ သူငယ်ချင်းတွေ စုပြီး ကိုယ်လက်ကျန်းမာရေးလုပ်တာ ၊ အားကစားလုပ်တာတွေ ပိုလုပ်ပေးပါ။ ပျော်ရွှင်စရာကောင်းပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝတစ်ခုကို ဦးတည်နေတဲ့ လုပ်ရပ်တွေ တိုးလုပ်ပါလို့ အကြံပေးချင်ပါတယ်။
