အလုပ်ကို ထိထိရောက်ရောက်လုပ်နိုင်စွမ်း ရှိဖို့ဆိုတာ ခဏခဏ ကိုယ့်ကိုယ်ကို Motivation ပေးနေဖို့ လိုပါတယ်။ အလုပ်ထဲမှာ စိတ်နှစ်နိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အထူးသဖြင့် အိမ်ကို ရုံးလို သဘောထားပြီး အလုပ်လုပ်နေရတဲ့ Work From Home ကာလမျိုးမှာ ဖြစ်ပါတယ်။

WFH ဆိုတာ အမြင်ပန်းအရ သာသာယာယာလို့ ထင်ရပါတယ်။ ဒါပေမယ့် အလုပ်ကို အကောင်းဆုံးရလဒ်ထွက်အောင် အများနဲ့ စုစည်းချိတ်ဆက်ပြီး လုပ်နိုင်ဖို့အတွက်တော့ WFH မှာ ခက်ပါတယ်။ ဒီကြားထဲ အိမ်မှုကိစ္စတွေကလည်း ကြားဖြတ်နှောင့်ယှက်နိုင်တဲ့ Risk က ရှိပါသေးပါတယ်။ ဒါပေမယ့်လည်း အခုပြောတဲ့ အစီအစဉ်အတိုင်း အလုပ်လုပ်မယ်ဆိုရင် WFH မှာ အကောင်းဆုံး လုပ်ရည်ကိုင်ရည်တွေ ထုတ်ပြနိုင်မှာပါ။

(၁) လိုအပ်တာနဲ့ လိုချင်တာကို ဖော်ထုတ်ပါ

Photo: apetogentleman

အလုပ်တွေ ထိထိရောက်ရောက် ပြီးစီးဖို့ ဘာတွေ လိုမလဲ။ ဝိုင်ဖိုင်ကောင်းသလား ၊ အလုပ်လုပ်မယ့်နေရာ ထားပြီးပြီလား ၊ အလုပ်ချိန်ဇယား ဆွဲထားပြီးပြီလား ၊ ဒီနေ့အတွက် ဘာတွေ လုပ်ဖို့ လိုမလဲ စတဲ့အချက်တွေလည်း တစ်ခါတည်း ချပြီး အစီအစဉ်ဆွဲထားဖို့ လိုပါတယ်။

နောက်တစ်ခုက ဒီနေ့မှာ အလုပ်ဆို ဘယ်အပိုင်းတွေ ပြီးချင်တယ် ၊ မိသားစုနဲ့ မိတ်ဆွေတွေအတွက် ဘယ်လို အချိန်ပေးချင်တယ် ၊ ကိုယ့်အတွက်ကိုလည်း လုပ်ချင်တာလေးတွေ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာ စဉ်းစားထားသင့်ပါတယ်။ WFH မှာ လုပ်ကိုင်နိုင်စွမ်းကို အမြင့်ဆုံး ပြနိုင်မယ့် တစ်နေ့တာဖြစ်ဖို့ အတွက် အချိန်တစ်ခုပေးပြီး အစီအစဉ်ကောင်းတွေ ဆွဲဖို့က ပထမအဆင့် အ‌‌ရေးကြီးဆုံးပါပဲ။

(၂) အနားယူပါ

Photo: apetogentleman

ဆက်တိုက်ကြီး အလုပ်လုပ်လို့လည်း အလုပ်တွေ ပြီးသွားတာ မဟုတ်ပါဘူး။ ပင်ပန်းပြီး ‌ရေရှည် လုပ်ရည်ကိုင်ရည်ပါ ထိခိုက်သွားနိုင်ပါတယ်။ နားရမယ့်အချိန်ကို သိပါ။ စိတ်ကို အေးချမ်းငြိမ်သက်ပြီး အနားယူချိန် ပိုရအောင် အချိန်ပေးဖို့လည်း လိုပါတယ်။ စိတ်ဟာ ထက်မြက်နေရင် လုပ်သမျှ အလုပ်အကိုင်တိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်သုံးနိုင်မှာ ဖြစ်ပါတယ်။

(၃) အခက်ဆုံးအလုပ် အရင်လုပ်ပါ

Photo: apetogentleman

မတ်ခ်တွိုင်းပြောခဲ့ဖူးသလိုပါပဲ။ “မနက်ပိုင်းမှာ အခက်ခဲဆုံး အလုပ်ကို စလုပ်လိုက်မယ်ဆိုရင် အဲ့တစ်နေ့လုံး ပိုဆိုးတာ ဖြစ်မလာတော့ဘူး” ဆိုတဲ့ စကားအတိုင်းပါပဲ။ ဦးစားပေး လုပ်စရာတွေထဲက အ‌‌‌ရင်ဆုံး လုပ်ရမယ့် အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ရင် ကျန်တာတွေ အကုန်လုံး ဖြေရှင်းတာ လွယ်သွားမှာ ဖြစ်ပါတယ်။

အချိန်‌ရွှေ့ဆိုင်းတတ်တဲ့ သူဆိုရင်လည်း အရင်ဆုံးဦးစားပေး လုပ်စရာ ကိစ္စတွေ ပြီးအောင် လုပ်လိုက်တာနဲ့ ကျန်တဲ့ ပြဿနာတွေအားလုံး အေးဆေးဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ပျင်းတယ်ဆိုရင် အ‌ရေးကြီးတာ အရင်လုပ်ဖို့ အကြံပေးချင်ပါတယ်။