လူတွေ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်စပြုလာပြီဆိုရင် ပထမဆုံး မေးတတ်တဲ့ မေးခွန်းက “Why” ဆိုတာပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆို ဆံပင်ကျွတ်တဲ့အကြောင်းအရင်းက များလွန်းလို့ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံပင်ကျွတ်စေတဲ့ အဓိကအကြောင်းအရင်း ၁၀ ချက်အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) မျိုးရိုး

Photo: Freepik
မျိုးရိုးကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ အရွယ်တစ်ခု ရောက်လာချိန်မှာ ဆံပင်ပါးတာ ၊ ကျွတ်တာ ၊ နဖူးပြောင်လာတာမျိုးဖြစ်တတ်ပါတယ်။ ဆံပင်နဲ့ ဆံပင်သန်စွမ်းရေးကို ဖြစ်စေတဲ့ ဗီဇဆိုင်ရာ Genetic Markers ပေါင်း ၂၀၀ လောက်ရှိတာ ဖြစ်လို့ ကိုယ့်အဖေနဲ့ အမေမှာ ဆံပင်မကျွတ်တောင် မျိုးရိုးရှိရင် ကိုယ့်ဆီမှာ လာပြီး ထိပ်ပြောင်နိုင်ပါတယ်။
(၂) Autoimmune ရောဂါတွေ

Photo: Freepik
Autoimmune ဆိုင်ရာ ရောဂါတွေ ခံစားနေရသူတွေမှာ ဆံပင်ကျွတ်တာ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဆံသားအိတ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ ဆံပင်ကျွတ်/ထိပ်ပြောင် ဖြစ်လာတာပါ။ Autoimmune ရောဂါခံစားနေရသူတွေဟာ ဆံပင်လုံးလုံး ကျွတ်တာအပြင် မျက်ခုံး ၊ မျက်တောင်နဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ အမွေးအမှင်တွေပါ ဆုံးရှုံးရတတ်ပါတယ်။
(၃) သောက်ရတဲ့ ဆေးဝါးတွေ

Photo: Freepik
ကိုလက်စထရောကျစေတဲ့ ဆေးတွေ ၊ သွေးတိုးအတွက် သောက်ရတဲ့ဆေး ၊ တချို့ ခေါင်းကိုက်ပျောက်ဆေး ၊ ဂေါက်ရောဂါ ၊ ဝက်ခြံနဲ့ မှိုသတ်ဆေး ၊ စတီးရျွိုက်စ်စတဲ့ ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆံပင်ကျွတ်စေနိုင်ပါတယ်။ ကင်ဆာအတွက် သုံးတဲ့ ဆေးတွေကလည်း ဆံပင်အပြင် ရှိတဲ့ တစ်ကိုယ်လုံးက အမွေးတွေပါ ဆုံးရှုံးစေနိုင်ပါတယ်။
(၄) အစားအသောက်တွေ

Photo: Freepik
အစားအသောက်ကြောင့်လည်း ထိပ်ပြောင်နိုင်ပါတယ်။ ဥပမာ Carbs ကို အကြီးအကျယ်လျှော့ချထားတဲ့ Diet ၊ ကောက်ပဲသီးနှံအစေ့အဆံ နဲ့ နို့ထွက်ပစ္စည်းတွေ ရှောင်တာ ၊ ပိန်ချင်လွန်းလို့ တချို့ စားတဲ့ Diet တွေကြောင့် ကိုယ်တွင်းမှာ ဗိုက်တာမင် ၊ သတ္ထုဓါတ် ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ၊ ပရိုတိန်း နဲ့ သံဓါတ်တွေ ချို့တဲ့တတ်ပါတယ်။ အာဟာရဓါတ်ချို့တဲ့လာတဲ့အခါ ဆံပင်အိတ်လေးတွေ မသန်စွမ်းရာကနေ ဆံပင်သစ် ထွက်မလာတာမျိုး ဖြစ်တတ်ပါတယ်။
(၅) ပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်း

Photo: Freepik
ကြမ်းကြမ်းရမ်းရမ်း လေ့ကျင့်တဲ့ Weight Training တွေဟာ Endogenous Testosterone ပိုထွက်စေပါတယ်။ ဒါကနေ ဆံပင်ဆံအိတ်ကနေ ဆံသားထုတ်လုပ်မှု ရပ်ဆိုင်းစေတဲ့ DHT ဖြစ်လာပါတယ်။ ကိုယ်လက်ကြံ့ခိုင်ရေးဆိုင်ရာ လေ့ကျင့်ပေးတဲ့ ပညာရှင်တွေက တစ်ပတ်ကို အတော်အသင့်ပြင်းထန်တဲ့ Aerobic လေ့ကျင့်ခန်း မိနစ် ၁၅၀ လောက်ပဲ လုပ်ဖို့ တိုက်တွန်းထားပါတယ်။
(၆) ဆေးလိပ်သောက်ခြင်း

Photo: Freepik
ဆေးလိပ်သောက်ခြင်းဟာ အသက်အရွယ်ကြီးရင့်မှုဆိုင်ရာ အပြောင်းအလဲတွေကို ပိုမြန်ဆန်စေလို့ ဆေးလိပ်အသောက်များသူတွေဟာ ရုပ်ရင့်လေ့ရှိကြပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားနဲ့ ဆံသားတွေဆီ သွေးပို့ဆောင်မှုကို ကန့်သတ်တာကြောင့် အရေးကြီးတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ မရောက်ရာကနေ ဆံပင်နဲ့ အရေပြားပြဿနာတွေ ကြုံရတတ်ပါတယ်။ ‘
(၇) အိပ်စက်မှု မမှန်ခြင်း

Photo: Freepik
ညဘက် အိပ်ရာဝင် နောက်ကျလွန်းခြင်းဟာ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ အိပ်စက်မှုမမှန်တာကြောင့် ခန္ဓာကိုယ်စည်းချက်ပျက်လာရာကနေ ဆံပင်ဆဲဖြစ်စဉ်လည်း အနှောက်အယှက်ဖြစ်လာတတ်ပါတယ်။ ဒီလိုနဲ့ ကြာလာရင် ဆံပင်ပျက်စီးတာ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။
(၈) စိတ်ဖိစီးမှု

Photo: Freepik
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာ ၊ Cortisol Level တက်လာတာတွေ ဖြစ်တတ်ပါတယ်။ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း တက်တာ ကြာလာရင် လူ့ဆံပင်ဆံသားအိပ်တွေကို ပိတ်စေပါတယ်။ ဆံပင်ကျွတ်တတ်သူတွေနဲ့ မျိုးရိုးလိုက်သူတွေဟာ စိတ်ဖိစီးချိန်မှာ ဆံပင်ကျွတ်တာ ပိုဆိုးတတ်ပါတယ်။
(၉) ဦးရေပြားပြဿနာ

Photo: Freepik
ဦးရေပြား ရောင်ရမ်းမှု ဖြစ်တဲ့အချိန်မှာ နီရဲပြီး အလွှာအလွှာလိုက် ကွာလာတာ ၊ ယားယံပြီး ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာတဲ့ ဆံသားပိုင်ဆိုင်ဖို့ ကျန်းမာတဲ့ ဦးရေပြားရှိဖို့ လိုပါတယ်။ ဦးရေပြား ရောင်ရမ်းမှုတွေဟာ ဆံပင်ကြီးထွားမှုမကောင်းခြင်း ၊ မျိုးရိုးလိုက်တဲ့ ဆံပင်ကျွတ်ခြင်းနဲ့ တခြား ဦးရေပြားနဲ့ ဆံသားကျန်းမာရေးပြဿနာတွေ ဖြစ်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
(၁၀) COVID သက်ရောက်မှု

Photo: Freepik
လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါခံစားနေရသူတွေမှာ ဆံပင်ကျွတ်တဲ့သူတွေ များလာတယ်လို့ ဒေါက်တာဘောမန်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တကယ်တော့ တစ်လ ကိုးသီတင်းကြာ အဖျားအနာခံစားရသူတွေဟာ ဆံပင်ကျွတ်တဲ့ပြဿနာ ခံစားရလေ့ရှိပါတယ်။ ဆံပင်ဟာ နေမကောင်းဖြစ်ပြီး နှစ်ပတ်ကနေ ခြောက်ပတ်အတွင်း စကျွတ်လာရာကနေ ၆ ပတ်နဲ့ ၈ ပတ်အတွင်းမှာ အဆိုးဆုံးအခြေအနေရောက်သွားလေ့ရှိပါတယ်။
အဖျားဝေဒနာကြောင့် ဆံပင်ကျွတ်ခြင်းကို Post-Febrile Telogen Effluvium လို့ ခေါ်ပြီး လုံးဝထိပ်ပြောင်သွားတဲ့အထိတော့ ဖြစ်မသွားတတ်ပါဘူး။ နောက်ဆုံးမှာတော့ ဆံပင်တွေ ပြန်သန်စွမ်းလာတတ်တာပါပဲ။
