ဘောလုံးကစားသမားတွေဟာ နှစ်စဉ်နှစ်တိုင်း ကြီးမားတဲ့ငွေကြေးပမာဏကို ရရှိနေကြပြီး ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ လစာအများဆုံး ကစားသမားတွေက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ငွေကြေးက ကမ္ဘာကြီးကို လည်ပတ်စေပြီး ဘောလုံးကမ္ဘာကလည်း ငွေကြေးနဲ့ပဲ လည်ပတ်နေရတာဖြစ်ပါတယ်။ လှပတဲ့ကစားပွဲဖြစ်လာဖို့ ဘီလီယံပေါင်များစွာနဲ့ တည်ဆောက်ထားရပြီး ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားတွေကလည်း ဘောလုံး တချက်ထိတိုင်းမှာ ကြီးမားတဲ့ပမာဏတစ်ခုကို ရရှိနေကြတာဖြစ်ပါတယ်။
ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေဟာ ဘောလုံးကွင်းထဲမှာတင် ငွေကြေးရရှိနေတာမဟုတ်ဘဲ မက်မောလောက်စရာ စပွန်ဆာစာချုပ်နဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် ကိုယ်စားပြုပေးမှုတို့ကနေ ရရှိတဲ့ ငွေကြေးကြောင့် နဂို များပြားလှတဲ့လစာနဲ့ ပေါင်းလိုက်ရင် အံ့အားသင့်ဖွယ်ပမာဏတစ်ခု ဖြစ်လာတာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နေမာတို့ဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမား ၃ ဦးလို့ ယူဆကောင်း ယူဆနိုင်ပြီး RadioTimes က လက်ရှိ ကမ္ဘာပေါ်မှာ လစာအများဆုံး ရရှိနေတဲ့ ကစားသမား ၁၀ ဦးကို အဖြေရှာခဲ့ပါတယ်။
၁၀။ ဒေးဗစ် ဒဟေးယား(ပေါင် ၁၉.၅ သန်း)

Photo: skysports
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ ကမ္ဘာပေါ်မှာ လစာအများဆုံးရရှိနေတဲ့ ဂိုးသမားဖြစ်ပြီး အိုးထရက်ဖို့ဒ်က စာချုပ်အရ တစ်နှစ်ကို ပေါင် ၁၇.၅ သန်းအထိ ရရှိနေတဲ့အပြင် အခြားဆုကြေးငွေတွေပါ ပေါင်းလိုက်ရင် တစ်နှစ်ကို ပေါင် ၁၉.၅ သန်းဝန်းကျင် ရရှိနေတာဖြစ်ပါတယ်။
၉။ ရောဘတ် လီဝန်ဒေါစကီး(ပေါင် ၂၀.၅ သန်း)

Photo: eurosport
၂၀၂၀ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကတင် တစ်နှစ်ကို ပေါင် ၁၇.၅ သန်း ရရှိနေပြီး ပရိသတ် ၃.၉ သန်း ပိုင်ဆိုင်ထားတဲ့ တစ်တော့တို့လို လူမှုကွန်ရက်ကနေလည်း နောက်ထပ်ဝင်ငွေတွေလည်း ရရှိနေတာဖြစ်ပါတယ်။
၈။ ဂါရတ် ဘေးလ်(ပေါင် ၂၁ သန်း)

Photo: therealchamps
ဘောလုံးသမိုင်းတလျှောက် ဈေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဘေးလ်ဟာ Adidas နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ တစ်နှစ်သာကျန်ရှိတော့တဲ့ စာချုပ်အရ တစ်ရာသီကို ပေါင် ၁၆ သန်းအထိရရှိနေပေမယ့် သိပ်မကြာမီအချိန်အတွင်းမှာတော့ လစာအများဆုံးကစားသမား ၁၀ ဦးစာရင်းကနေ ဖယ်ပေးရဖွယ်ရှိနေသူဖြစ်ပါတယ်။
၇။ ဂရစ်ဇ်မန်း(ပေါင် ၂၄ သန်း)

Photo: latestpagenews
ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် ပဉ္စမမြောက် ဈေးအကြီးဆုံး ကစားသမားဖြစ်ပြီး တစ်ရာသီကို ပေါင်သန်း ၂၀ အထိ ရရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ Fortinite ရဲ့ ‘Take the L’dance’အကနဲ့ အောင်ပွဲခံခဲ့တဲ့ ဂရစ်ဇ်မန်းဟာ မနှစ်က ကိုယ်ပိုင် eSport အသင်းကို စတင်ထူထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
၆။ ပေါလ် ပေါ့ဂ်ဘာ(ပေါင် ၂၅ သန်း)

Photo: independent
ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဘောလုံးလောကမှာ လူတွေ အမှတ်မိဆုံး မျက်နှာပိုင်ရှင်တွေထဲက တစ်ဦးဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကြယ်ပွင့်ကို အိုးထရက်ဖို့ဒ် ပြန်လည်ခေါ်ယူဖို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ချိုးဖျက်ခဲ့ရပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ တစ်ရာသီ ပေါင်သန်း ၂၀ ရရှိနေတဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး ၎င်းရဲ့ အေးဂျင့် မိုင်နို ရွိုင်အိုလာက နွေရာသီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့ ပြောဆိုဆွေးနွေးနေတာဖြစ်ပါတယ်။
၅။ မိုဟာမက် ဆာလား(ပေါင် ၂၇ သန်း)

Photo: Sports Illustrated
အန်းဖီးမှာ ၃ ရာသီခွဲအတွင်း ဂိုးပေါင်း ၁၀၀ ကျော်သွင်းယူနိုင်ခဲ့တဲ့ အီဂျစ်တိုက်စစ်မှူးဟာ တစ်နှစ်ကို ပေါင် ၁၇.၅ သန်းတန်ကြေးရှိတဲ့ စာချုပ် ပိုင်ဆိုင်ထားပြီး ကွင်းပြင်ပက အကျိုးအမြတ်တွေဆီကနေ နောက်ထပ် ပေါင် ၉.၅ သန်းအထိ ထပ်မံရရှိနေတယ်လို့ ခန့်မှန်းရပါတယ်။
၄။ ကိုင်လီယန် ဘတ်ပီ(ပေါင် ၃၁ သန်း)

Photo: mscfootball
ဘောလုံးလောက မျိုးဆက်သစ်ရဲ့ ဦးဆောင်သူဖြစ်တဲ့ ဘတ်ပီဟာ လာမယ့်နှစ်တွေမှာ ထွန်းတောက်ခဲ့ပြီးဖြစ်တဲ့ ဘောလုံးစူပါစတားတွေဆီကနေ အမွေကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ဘောလုံးသမိုင်းတလျှောက် ဒုတိယအများဆုံး ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဘတ်ပီဟာ Nike ရဲ့ ဈေးကွက်ချဲ့ထွင်ဖို့ အသုံးပြုခံရဆုံး ပုံရိပ်တွေထဲက တစ်ခုဖြစ်သလို FIFA21 ဂိမ်းရဲ့ မျက်နှာဖုံးမှာလည်း နေရာယူထားသူဖြစ်ပါတယ်။
၃။ နေမာ (ပေါင်သန်း ၇၀)

Photo: Daily Journal
နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပြောင်းရွှေ့ပြီး ဘောလုံးလောကကို လှုပ်ခတ်စေခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကို တစ်နှစ်လုပ်ခလစာ ပေါင် ၅၇ သန်းနီးပါး ပေးချေနေရပြီး အခြား စပွန်ဆာတွေဆီက ရရှိနေတဲ့ ဝင်ငွေတွေကလည်း ကမ္ဘာ့လစာအကောင်းဆုံးကစားသမား ၃ ဦးထဲမှာ ပါဝင်အောင် အထောက်အပံ့ပေးနေတာဖြစ်ပါတယ်။
၂။ ခရစ္စတီယာနို ရော်နယ်ဒို (ပေါင် ၈၅ သန်း)

Photo: highsnobiety
ကမ္ဘာပေါ်မှာ ထင်ရှားအကျော်ကြားဆုံး အားကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ရော်နယ်ဒိုဟာ လူမှုကွန်ရက်မှာ ပရိသတ်အများဆုံးပိုင်ဆိုင်ထားပေမယ့် ကမ္ဘာပေါ်က လစာအကောင်းဆုံးကစားသမားအဖြစ်တော့ မရပ်တည်နိုင်ခဲ့ပါဘူး။ ပေါ်တူဂီကြယ်ပွင့်ဟာ ဂျူဗင်တပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ တစ်ရာသီကို ပေါင် ၅၁ သန်းရရှိနေပြီး ၎င်းရဲ့ကိုယ်ပိုင် CR7 အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းရောင်းချရာကနေ ဝင်ငွေများစွာရရှိနေသလို Nike နဲ့ Herbalife တို့ဆီက စပွန်ဆာကြေးတွေလည်း ရရှိနေပါသေးတယ်။ ရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ် အီတလီစူပါဖလားမှာ နာပိုလီအသင်းဘက်ကို သွင်းယူခဲ့တဲ့ ဂိုးနဲ့အတူ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ဂိုးပေါင်း ၇၆၀ ပြည့်မြောက်ခဲ့ပြီး ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။
၁။ လီယွန်နယ် မက်ဆီ(ပေါင် ၉၂ သန်း)

Photo: ESPN
ဘာစီလိုကြယ်ပွင့်ဟာ ၎င်းရဲ့ ရှာမှရှားတဲ့ ပါရမီအစွမ်းကြောင့် ကမ္ဘာပေါ်က လစာအမြင့်မားဆုံး ရရှိနေတဲ့ကစားသမားတွေအားလုံးထက် ကျော်လွန်ပြီး ရပ်တည်နိုင်တာလို့ ယူဆရမှာဖြစ်ပါတယ်။ မက်ဆီဟာ မကြာသေးမီက သက်တမ်းကုန်ဆုံးသွားတဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်အရ တစ်နှစ်ကို ပေါင် ၆၇ သန်းအထိ လစာ ရရှိနေပြီး Adidas နဲ့ Pepsi တို့လို စပွန်ဆာတွေနဲ့ ပုံရိပ်အသုံးပြုခွင့်ပေးထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဆီကနေလည်း နောက်ထပ် ပေါင် ၂၅ သန်းအထိ ဝင်ငွေ ရရှိနေတာဖြစ်ပါတယ်။
