ဒစ်ဂျစ်တယ်ငွေကြေးဆိုတဲ့ အသုံးအနှုန်းတွေကြားမှာ နာမည်ကျော်ကြားလာတဲ့ စကားတစ်ခွန်းက Cryptocurrency ဆိုတာပါပဲ။

Cryptocurrency ဆိုတာ Cryptography လို့ခေါ်တဲ့ ကုဒ်တွေနဲ့ လုံခြုံစိတ်ချအောင် လုပ်ထားတဲ့ ဆက်သွယ်ရေးနည်းပညာနဲ့ သိမ်းထားပြီး ငွေကြေးအဖြစ် ဖလှယ်နိုင်အောင် လုပ်ထားတဲ့ Digital Currency တစ်မျိုးပဲ ဖြစ်ပါတယ်။

ဈေးကွက်ငွေရင်းတန်ဖိုးပေါ်လိုက်ပြီး Cryptocurrency တွေရဲ့ တန်ဖိုးကို ဆုံးဖြတ်ကြပါတယ်။ ဒီထဲက တန်ဖိုးအမြင့်ဆုံး Cryptocurrency တွေအကြောင်း မျှဝေလိုက်ပါတယ်။

(၁) Bitcoin (BTC)

Bitcoin (BTC)

Photo: coingape

BTC လို့ အတိုကောက်ခေါ်ကြတဲ့ Bitcoin ကို ၂၀၀၉ ခုနှစ်က ဆာတိုရှီ နာကာမိုတိုဆိုတဲ့ နာမည်ဝှက်နဲ့ ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးက ဖန်တီးခဲ့တာပါ။ ဒီရက်ပိုင်း သတင်းတွေအရဆို နာကာမိုတိုဆိုတာ ဩစတြေးလျကွန်ပျူတာပညာရှင် ခရစ်ချ် ရိုက် ဖြစ်တယ်လို့ ဆိုပါတယ်။

Bitcoin ဟာ ကွန်ပျူတာ ထောင်ပေါင်းများစွာ ချိတ်ဆက်ပြီး အချက်အလက်ပေးပို့ဖြန့်ဖြူးမှု စာရင်းဇယားစနစ်ဖြစ်တဲ့ Blockchain ပေါ်မှာ လည်ပတ်နေတာ ဖြစ်ပြီး လျှို့ဝှက် ကုဒ်နဲ့ဝှက်ထားတဲ့ ပဟေဠိလေးတွေ ဖြေရှင်းပြီး BTC ထုတ်ရတာပါ။

လက်ရှိ ဈေးကွက်တန်ဖိုးအရဆို Bitcoin ဟာ ဒေါ်လာ ၁.၁၄၉ ထရီလီယမ်တန်ပြီး လက်ရှိ Bitcoin တန်ဖိုးဟာ 1BTC ကို ဒေါ်လာ ၅၁၀၀၀ ကျော် ရှိပါတယ်။ ဒါက အရင် ဒေါ်လာ ၆ သောင်းကျော် ဈေးကနေ ကျသွားတာလည်း ဖြစ်ပါတယ်။

(၂) Ethereum (ETH)

Ethereum (ETH)

Photo: cryptoonliner

Bitcoin ပြီးရင် ဒုတိယတန်ဖိုးအမြင့်ဆုံး Cryptocurrency က Ethereum ဖြစ်ပါတယ်။ Ethereum ဟာ အခုနောက်ပိုင်းနာမည်ကြီးနေတဲ့ Non-Fungible Tokens (NFTs) လို လုပ်ဆောင်ချက်တွေပါ လုပ်နိုင်လို့ Developers တွေ အကြိုက် Cryptocurrency နဲ့ Blockchain ပလက်ဖောင်းလည်း ဖြစ်ပါတယ်။

ETH ဟာ တစ်ခု ၁၁ ဒေါ်လာခန့် ဈေးကနေ ၅ နှစ်ကျော်အတွင်း အဆပေါင်း ၄၂၀ ကျော် တိုးပြီး ဒေါ်လာ ၄၇၀၀ ကျော်အထိ တန်ဖိုးမြင့်တက်လာခဲ့ပါတယ်။ Ethereum ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၅၅၇ ဘီလျံခန့် ရှိပါတယ်။

(၃) Binance Coin (BNB)

Binance Coin (BNB)

Photo: cryptoonliner

Binance Coin ဟာ ကမ္ဘာ့အကြီးဆုံး Crypto Exchanges တွေထဲက တစ်ခုဖြစ်တဲ့ Binance အပေးအချေ ၊ အရောင်းအဝယ်လုပ်နိုင်တဲ့ Cryptocurrency ပလက်ဖောင်းတစ်ခုပါ။ ၂၀၁၇ ခုနှစ်က စတင် ဖြန့်ချိခဲ့တဲ့ Binance Coin ဟာ စစချင်း ၀.၁၀ ဒေါ်လာကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ မှာ ၆၂၈ ဒေါ်လာအထိ တက်လာခဲ့ပါတယ်။

Binance ရဲ့ Exchange ပလက်ဖောင်းပေါ်မှာ ငွေပေးငွေချေနဲ့ အရောင်းအဝယ်လုပ်တာကနေ ခရီးသွား Booking တွေအထိ လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ‌Binance Coin ပလက်ဖောင်းပေါ်ကနေ Ethereum တို့ Bitcoin တို့လို တခြား Cryptocurrency တွေလည်း လဲနိုင်ပါတယ်။ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၀၄ ဘီလျံကျော် ရှိပါတယ်။

(၄) Tether (USDT)

Tether (USDT)

Photo: cointribune

တခြား Cryptocurrency တွေနဲ့ မတူတာက Tether ဟာ အမေရိကန်ဒေါ်လာတို့ ယူရိုတို့လို ခိုင်မာတဲ့ငွေကြေးစနစ်တွေနဲ့ ထောက်ခံထားတဲ့ Stablecoin အမျိုးအစားဖြစ်ပါတယ်။

Cryptocurrency တွေကို အန္တရာယ်များတဲ့ ရင်းနှီးမြှပ်နှံမှုအဖြစ် ညွှန်းကြပေမယ့် Tether လို Stablecoin တွေက ပိုပြီး စိတ်ချရတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ကြပါတယ်။ Tether ဟာ ဈေးကွက်ငွေရင်းတန်ဖိုး ဒေါ်လာ ၇၃ ဘီလျံကျော် တန်ကြေးရှိပါတယ်။

Featured Photo: Greenbook