ကိုယ်တိုင်ဘောလုံး လိုက်မကန်ရပေမယ့် တစ်ကွင်းလုံးပတ်ပြေးနေရတဲ့ ဘောလုံးဒိုင်လူကြီး Referee တွေကို မြင်ဖူးကြမှာပါ။ ကစားသမားတွေနဲ့ အပြိုင် လိုက်ပြေးပြီး ပါးစပ်ရော ၊ လက်ရော မျက်လုံး ရော အာရုံ ၆ ပါး အလုပ်များရတဲ့ ဒိုင်တွေရဲ့ အလုပ်ကလည်း တကယ့်ကို မလွယ်ကြောပါပဲ။

၁၅၈၁ ခုနှစ်ကစလို့ ဘောလုံးကစားနည်းတွေ ပေါ်ပေါက်ခဲ့ချိန်မှာ ဘောလုံးဒိုင်ဆိုတာလည်း ပါဝင်လာခဲ့တာ ဖြစ်လို့ ဒိုင်တွေရဲ့ သမိုင်းကြောင်းဟာလည်း ဘောလုံးနဲ့အတူ သမိုင်းသက်ရှည်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး ဒိုင်တွေထဲမှာမှ သမိုင်းမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံရတဲ့ Referee တွေအကြောင်း တင်ဆက်လိုက်ရပါတယ်။

(၅) ဆန်ဒေါ်ပူးလ်

Source : Dias de Glória

ကွင်းလယ်ဒိုင်အဖြစ်ကနေ အနားယူသွားပြီ ဖြစ်တဲ့ ဟန်ဂေရီလူမျိုးဒိုင်လူကြီး ဆန်‌ဒေါ်ပူးလ်ကို ဘောလုံးသမိုင်းမှာ ထိပ်တန်းဒိုင်အဖြစ် သတ်မှတ်ထားပါတယ်။ တစ်ဖက်မှာလည်း သူဟာ စပိန် – အီတလီ ၁၉၉၄ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမှာ ဘက်လိုက်ခဲ့တယ်ဆိုပြီး ဝေဖန်ခံထားရပါတယ်။ ၉၄ ဖလား စပိန်-အီတလီပွဲမှာ အီတလီကစားသမား မော်ရို တက်ဆော့တီက ပင်နယ်တီဧရိယာထဲမှာ လူးဝစ်အန်းနစ်ကို တံတောင်မျက်နှာကို တံတောင်နဲ့ တွက်ခဲ့တာပါ။ နာကျင်အချိန်ပိုမှာ တက်ဆော့တီရဲ့ တံတောင်တွက်ချက်ကြောင့် အန်းနရစ်နှာခေါင်းရိုးကျိုးခဲ့ပေမဘ့် သူက ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

FIFA ကလည်း ဒီပွဲမှာ ဆန်ဒေါ်ပူးလ် ပင်နယ်တီမပေးတာ ၊ အဝါကတ်/အနီကတ် မပြတာအပေါ် ဝေဖန်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာပွဲ ၈ ပွဲ ကိုင်တွယ်ခွင့် ရပ်ဆိုင်းခဲ့ပါတယ်။ ၁၉၉၄ ဘရာဇီး – အီတလီ ကမ္ဘာ့ဖလားဖိုင်နယ်ကိုင်ခဲ့တဲ့ ဒိုင်လူကြီးဖြစ်ပြီး IFFHS ရဲ့ ကမ္ဘာ့အကောင်းဆုံးဒိုင်ဆုကို ၉၄ ကနေ ၉၇ အထိ လေးကြိမ်ဆက်တိုက် ချီးမြှင့်ခြင်းလည်း ခံခဲ့ရပါတယ်။ ဆန်ဒေါ်ပူးလ်ဟာ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်မှာလည်း ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

(၄) ကင်မ်မီလ်တန် နီးလ်ဆန်

Kim-Milton-Nielsen

Photo: sportsshow

ဒိန်းမတ်ဒိုင်လူကြီး နီးလ်ဆန်ဟာ ၆ ပေ ၆ လက်မ အရပ်အမောင်းကြီးကြောင့် လူသိများပါတယ်။ နိုင်ငံတကာဘောလုံးသမားတွေအကြား သူ့အရပ်အမောင်းကြီးကို ထင်ထင်ရှားရှားကြီး မြင်ရလေ့ရှိပါတယ်။ နိုင်ငံတကာပွဲပေါင်း ၁၅၄ ပွဲနဲ့ UEFA ချန်ပီယံလိဂ် ၅၃ ပွဲကိုင်တွယ်ခဲ့တဲ့သူဟာ အသက် ၂၈ နှစ်အရွယ် ၁၉၈၈ မှာ FIFA အသိအမှတ်ပြု ကွင်းလယ်ဒိုင်လူကြီး ဖြစ်လာခဲ့တာတာပါ။

UEFA ရဲ့ အသက် သတ်မှတ်ချက်ဖြစ်တဲ့ ၄၅ နှစ်ထက် မကျော်ရ စည်းကမ်းနဲ့အညီ ၂၀၀၆ မှာ ဒိုင်လူကြီးဘဝကနေ အနားယူခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က ပြင်သစ်မှာ ကျင်းပတဲ့ ဖီဖာကမ္ဘာ့ဖလားပွဲမှာ နှစ်ပွဲတာဝန်ယူခဲ့သလို ၂၀၀၂ ခုနှစ် ကိုရီးယား-ဂျပန် အိမ်ရှင်အဖြစ် ကျင်းပတဲ့ ဖီဖာကမ္ဘာ့ဖလားမှာ ဘရာဇီးနဲ့ တူရကီ ဆီမီးဖိုင်နယ်လည်း သူပဲ ဒိုင်လုပ်ခဲ့တာပါ။

အရေးကြီးတဲ့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်တွေနဲ့ ဥရောပဖလားပွဲတွေအတော်များများလည်း သူပဲ ကိုင်တွယ်ခဲ့ပါတယ်။ ဒီထဲမှာ ၉၄ ခုနှစ် UEFA ဖလား ဖိုင်နယ် ၊ ၂၀၀၄ ခုနှစ် UEFA ချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ၂၀၀၅ UEFA ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွေလည်း ပါဝင်ပါတယ်။ ဒိုင်အနေနဲ့အပြင် နည်းစနစ်ပိုင်းဆိုင်ရာမန်နေဂျာလည်း လုပ်ပါတယ်။

(၃) ဟောင်းဝါ့ဒ် ဝပ်ဘ်

Source : SuperArashNajafi2

အင်္ဂလန်ကွင်းလယ်ဒိုင်လူကြီး ဟောင်းဝါ့ဒ်ဝပ်ဘ်ဟာ၂၀၀၅ ကနေ ၂၀၁၄ အထိ ဖီဖာအသိအမှတ်ပြုဒိုင်အဖြစ် တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ပွဲတွေကို ၂၀၀၃ ကနေ သူအနားယူတဲ့ ၂၀၁၄ ဩဂုတ်လအထိ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ မှာ UEFA ချန်ပီယံလိဂ် နဲ့ ဖီဖာကမ္ဘာ့ဖလားဖိုင်နယ်တွေမှာ ဒိုင်အဖြစ် တာဝန်ယူခဲ့ပြီး ပြက္ခဒိန်တစ်နှစ်တည်းမှာ အခုလို အဓိကဖလားကြီးနှစ်ခုမှာ ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ ပထမဆုံးကွင်းလယ်ဒိုင်လည်း ဖြစ်ခဲ့ပါတယ်။

ကွင်းလယ်ဒိုင်ဘဝမှာ FA ဖလား ဖိုင်နယ်ပွဲတွေ ၊ FA ကွန်မြူနတီဒိုင်းဖိုင်နယ် နဲ့ လိဂ်ဖလားပွဲ ဖိုင်နယ်ပွဲ အများအပြားကို ကိုင်ခဲ့တဲ့သူဟာ ၂၀၁၀ အတွက် ဖီဖာရဲ့ အကောင်းဆုံးဒိုင်အဖြစ် ဆုချီးမြှင့်ခံခဲ့ရသလို ၂၀၁၁ မှာလည်း New Year Honors ဆု ရရှိခဲ့ပါတယ်။ ဟောင်းဝါ့ဒ် ဝပ်ဘ်ဟာ ကွင်းလယ်ဒိုင်မဖြစ်ခင်က ယော့ခ်ရှိုင်းယားတောင်ပိုင်းရဲဌာနမှာ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူလည်း ဖြစ်ပါတယ်။

(၂) မားကပ်စ် မာ့ခ်

Source : terasti

သူ့ခေတ်သူ့အခါက အကောင်းဆုံးဘောလုံးဒိုင်လူကြီးအဖြစ် ဂျာမန်လူမျိုး မားကပ်စ် မာ့ခ်ကို ကမ္ဘာကလက်ခံခဲ့ကြပါတယ်။ ဂျာမန် ဘွန်ဒက်စ်လီဂါပွဲတွေ အများဆုံး ကိုင်ခဲ့တဲ့ ကွင်းလယ်ဒိုင်ဖြစ်ပြီး ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကွင်းလယ်ဒိုင်ဆု ၃ ကြိမ် ရခဲ့သလို DFB တစ်နှစ်တာ ဂျာမန်ဒိုင်ဆုကို ၆ ကြိမ်အထိ စံချိန်တင်ရခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ၁၉၈၈ မှာ ကွင်းလယ်ဒိုင်ဖြစ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ အသက်အငယ်ဆုံးကွင်းလယ်ဒိုင်ဖြစ်လာခဲ့ပါတယ်။

၁၉၉၃ ကမ္ဘာ့ဖလားရှုံးထွက်ပွဲတွေမှာ စကိုင်ချိန်ကစပြီး ဖီဖာအသိအမှတ်ပြု ကွင်းလယ်ဒိုင်ဘဝကနေ ၂၀၀၈ ဘွန်ဒက်စ်လီဂါရာသီပိတ်ပွဲ ဘိုင်ယန်မြူးနစ်- ဟာသာဘာလင်ပွဲအထိ ကွင်းလယ်ဒိုင်အဖြစ် ဘောလုံးပွဲပေါင်းများစွာ တာဝန်ယူခဲ့ပါတယ်။ မာ့ခ်ဟာ ပရော်ဖက်ရှင်နယ် သွားဘက်ဆိုင်ရာဆရာဝန်လည်း ဖြစ်သလို တူရကီချန်နယ် Lig TV မှာ အဓိက ကွင်းလယ်ဒိုင် မှတ်ချက်ပေးသူအဖြစ်လည်း လုပ်ကိုင်နေပါတယ်။

(၁) ပီယာလူဂီ ကော်လီနာ

Source : Football News – The Golden Goal

တစ်ခေါင်းလုံး ဆံပင်လုံးဝမရှိတဲ့ ခေါင်းတုံးပေါက်နဲ့ အီတလီဒိုင်လူကြီး ကော်လီနာကို ဘောလုံးပရိသတ်တိုင်း မြင်ဖူးကြမှာပါ။ ၁၉၉၅ကနေ ၂၀၀၅ အထိ ဖီဖာဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ ကော်လီနာဟာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဒိုင်ဆုကို ၆ ကြိမ်ဆက်တိုက် စံချိန်တင်ရထားသလို နိုင်ငံတကာဘောလုံးသမိုင်းမှာပါ အကောင်းဆုံးကွင်းလယ်ဒိုင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ကော်လီနာဟာ Alopecia ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် တစ်ခေါင်းလုံး ဆံပင်မရှိဖြစ်နေတာ ဖြစ်ပြီး သူ့ကို Kojak ဆိုပြီး နာမည်ပြောင်ပေးထားကြပါတယ်။ စီးရီးအေပွဲ ၄၃ ပွဲလုံးကိုင်ခဲ့ပြီးတဲ့နောက် ၉၅ ခုနှစ်မှာ ဖီဖာရဲ့ ဒိုင်စာရင်းမှာ ထည့်သွင်းခံရတာပါ။ လုပ်ပွဲကစားတယ်ဆိုတဲ့ အရှုပ်တော်ပုံတွေရှိတဲ့ အီတလီစီးရီးအေလောကမှာ သူဟာ ရှားရှားပါးပါး နာမည်ပျက်မရှိခဲ့တဲ့ ဒိုင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ဘဝရဲ့ အကောင်းဆုံးကွင်းလယ်ဒိုင်အမှတ်တရတွေထဲမှာ ဘရာဇီးနဲ့ ဂျာမနီတွေ့ခဲ့တဲ့ ၂၀၀၂ ဖီဖာကမ္ဘာ့ဖလားဖိုင်နယ်ပွဲနဲ့ ဘိုင်ယန်နဲ့ မန်ယူတို့ရဲ့ ၉၉ ခုနှစ် UEFA ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတွေက အထင်ကရအဖြစ် ပြောစမှတ်တွင် ကျန်ခဲ့ပါတယ်။

Featured Photo: soccerprime