ဖက်ရှင်ကျခြင်း၊ စတိုင်လ်ကျ ခန့်ညားခြင်းဆိုတာ ပိန်ခြင်း၊ ဝခြင်း၊ ရုပ်ချောခြင်း၊ ရုပ်ဆိုးခြင်း၊ အသက်ငယ်ခြင်း၊ အသက်ကြီးခြင်းတို့နဲ့ လုံးဝသက်ဆိုင်မှုမရှိဘဲ ဝတ်တတ်စားတတ်ဖို့ပဲလိုတာပါ။ ဘယ်လောက်ပဲ ဈေးကြီးလှပါတယ်ဆိုတဲ့ နာမည်ကြီးတံဆိပ်တွေကို ရွေးချယ်ဝတ်ဆင်နေပါစေ ဖက်ရှင်ကျကျ မဝတ်စားတတ်ရင်တော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။

ဖက်ရှင်ကျတဲ့ ပုရိသတစ်ယောက်ဖြစ်ဖို့အတွက် အင်္ကျီအဝတ်အစားတစ်မျိုးတည်းကိုပဲ အာရုံစိုက်လို့မရပါဘူး။ သင့်ရဲ့ ဖက်ရှင်ကို တစ်ထောင့်တစ်နေရာက ပါဝင်အားဖြည့်ပေးတဲ့ အရံအသုံးအဆောင်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားပေးရပါဦးမယ်။

ဒါဆိုရင် ဘယ်လိုဖက်ရှင်အသုံးအဆောင်တွေက စာဖတ်သူတို့ကို ဆွဲဆောင်ညှို့ငင်အား မြင့်မားတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

လက်စွပ်

Source: danburymint.com

ကိုယ်ရွေးချယ်တဲ့ လက်စွပ်က ကိုယ့်ရဲ့ဖက်ရှင်နဲ့ ကွက်တိကျဖို့ လိုအပ်ပါတယ်။ ရွှေလက်စွပ်၊ ငွေလက်စွပ်တွေပဲ ဝတ်ဆင်ရမယ်လို့ မဆိုလိုပါဘူး။ မိမိနှစ်သက်ရာ ဖန်စီလက်စွပ်လေးတွေကိုလည်း ဖက်ရှင်ကျအောင် ဝတ်ဆင်နိုင်ပါတယ်။ သို့ပေမယ့် ဖန်စီလက်စွပ်အကြီးကြီးတွေကို တိုက်ပုံနဲ့ တွဲဝတ်ဖို့ရန်တော့ မသင့်တော်ပါဘူး။

နေကာမျက်မှန်

Source: Shutterstock

ကိုယ့်ရဲ့ မျက်နှာက လေးထောင့်ကျကျလား၊ ဘဲဥပုံလား၊ မေးရိုးပေါ်လွင်ထင်ရှားတဲ့သူလား စတဲ့အချက်တွေကို ကြည့်ပြီး ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်တစ်လက်ကို ရွေးချယ်လိုက်ပါ။ ကိုယ့်မျက်လုံးကို ဂရုစိုက်ရာလည်း ရောက်သလို၊ ဖက်ရှင်ကျတဲ့ အမျိုးသားတစ်ယောက်အဖြစ်လည်း အထင်ကြီးခံရမှာပဲဖြစ်ပါတယ်။

သတိထားရမယ့်အချက်ကတော့ ဖန်စီနေကာမျက်မှန်တွေကို သုံးမယ့်အစား အရည်အသွေးကောင်းတဲ့ မျက်မှန်အမျိုးအစားပဲ ရွေးချယ်သင့်ပါတယ်။ နေရောင်အောက်သွားတဲ့အခါ ဖန်စီနေကာမျက်မှန်ဝတ်တာက နေကာမျက်မှန်မတပ်တာထက်စာရင် မျက်လုံးကို ပိုအန္တရာယ်ဖြစ်စေတာကြောင့်ပါပဲ။

နက်ခ်တိုင်

Source: directfinanceloans.co.nz

ကိုယ်က အနောက်တိုင်းဝတ်စုံကို အမြဲတမ်းဝတ်စရာမလိုဘူးဆိုရင်တော့မှ နက်ခ်တိုင်လေး တစ်ခုတော့ ဆောင်ထားသင့်ပါတယ်။ အရေးကြီးအလုပ်ကိစ္စပေါ်လာလို့ Formal ဆန်ဆန်ဝတ်ရမယ်ဆိုရင် သင့်ရဲ့ နက်ခ်တိုင်က ဖက်ရှင်ကျစေမှာပဲဖြစ်ပါတယ်။

လက်ပတ်နာရီ

Source: Shutterstock

စမတ်ဖုန်းတွေ ရှိတာပဲ လက်ပတ်နာရီက အပိုပစ္စည်းတစ်ခုပါလို့ မထင်လိုက်ပါနဲ့။ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတဲ့အချိန်၊ အစည်းအဝေးလုပ်နေတဲ့အချိန်မှာ ဖုန်း တကြည့်ကြည့်နဲ့ လုပ်တာက ရိုင်းတယ်လို့ အထင်ခံရနိုင်တဲ့အပြင် ကိုယ့်ရဲ့ Impression လည်း ကျသွားနိုင်တာကြောင့် ဖြစ်နိုင်ရင် လက်ပတ်နာရီပဲ အသုံးပြုပါ။ သင့်လက်ရဲ့ လှုပ်ရှားမှုတိုင်းကို ဆွဲဆောင်မှုမြင့်မားစေမှာပဲဖြစ်ပါတယ်။

ဖိနပ်

Source: manofmany.com

ဖိနပ်ကတော့ နေ့စဉ်သွားလာမှုအတွက် မရှိမဖြစ်အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဖိနပ်အမျိုးအစားနဲ့ ဖိနပ်ဒီဇိုင်းတွေက ပုံသဏ္ဍာန်အမျိုးမျိုး ထွက်ရှိနေကြတာဖြစ်လို့ ကိုယ် သွားရမယ့်နေရာပေါ် မူတည်ပြီး သင့်တင့်လျောက်ပတ်တဲ့ဖိနပ်တစ်ရံကို ရွေးချယ်တတ်ဖို့လိုပါမယ်။