လက်ဝှေ့သမားတွေဆို စိတ်ကြမ်းရုပ်ကြမ်းကြီးတွေလို့ တရားသေမှတ်လို့ မရပါဘူး။ တိုက်ခိုက်ရေးသမားတွေ ဖြစ်လို့ သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်တွေက သာမန်လူတွေထက် ထွားကြိုင်းကြီးမားလွန်းနေသလို တစ်ဖက်လူရဲ့ ထိုးချက်တွေကြောင့် စုတ်ပြတ်ဖူးရောင်နေတဲ့ မျက်နှာတွေကတော့ လက်ဝှေ့သမားတိုင်းလိုလိုရဲ့ အသားတံဆိပ်ပါပဲ။ ဒီလိုပြောလို့ လက်ဝှေ့သမားတွေဆို ရုပ်မချောတော့ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။
အကြမ်းပတမ်း တိုက်ခိုက်ရေးသမားကြီးတွေဆိုပေမယ့် ချောပါတယ်လို့ သတ်မှတ်ခံထားရတဲ့ ဖိုက်တာတွေလည်း ရှိပါတယ်။ ဒီနှစ်အတွက် ယောင်္ကျားပီသပြီး ခန့်ညားတဲ့ ဖိုက်တာတချို့ကို ကြည့်လိုက်ရအောင်ပါ။
(၁) Amir Iqbal Khan
Photo: GQ
Boxer တွေထဲမှာ အချောဆုံးလို့ သတ်မှတ်ခံထားရသူတစ်ဦးက ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့ကျော်အမ်မီရာ အစ်ဂ်ဘယ်ခန်း ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဒီလက်ဝှေ့ကျော်ဟာ လိုက်ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ၃၉ ပွဲမှာ ၅ ပွဲရှုံး ၂၁ ပွဲ အလဲထိုးမှတ်တမ်းပိုင်ဆိုင်ထားပါတယ်။ အိမ်ထောင်သည်တစ်ဦးဖြစ်တဲ့ ပါကစ္စတန်နွယ်ဖွား လက်ဝှေ့ကျော်ဟာ သားသမီး ၄ ဦးရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
(၂) Robert Joseph Guerrero
Photo: Premier Boxing Champions
၂၀၂၁ အတွက် ရုပ်အဖြောင့်ဆုံး လက်ဝှေ့သမားတွေထဲမှာ အမေရိကန်လက်ဝှေ့ကျော် ရောဘတ်ဂျိုးဆက် ဂွာရာရီယိုလည်း ပါပါတယ်။ IBE ဖယ်သာဝိတ်တန်းမှာ နှစ်ကြိမ် ချန်ပီယံဖြစ်ခဲ့သလို အငယ်တန်းလိုက်ဝိတ်တန်းမှာလည်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူပါ။ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပြီး ထိုးသတ်ခဲ့တဲ့ ပွဲပေါင်းက ၄၅ ပွဲ ရှိပါတယ်။ လက်ဝှေ့လောကမှာ The Ghost လို့ နာမည်ပြောင်ပေးခံရတဲ့ သူ့မှတ်တမ်းမှာတော့ အလဲထိုး KO ၂၀ နဲ့ ၆ ပွဲရှုံး မှတ်တမ်းတင်ထားပါတယ်။
(၃) Sergio Martinez
Photo: bein Sports
အာဂျင်တီးနား လက်ဝှေ့သမား ဆာဂီယို မာတီနက်ဇ်ကို သူ့ရဲ့ ထူးခြားတဲ့ လက်ဝှေ့ထိုးသတ်နည်းဟန်ကြောင့် Maravilla လို့ နာမည်ပြောင်ပေးခံထားရပါတယ်။ အသက် ၄၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒီလက်ဝှေ့ကျော်ဟာ ၅၈ ပွဲထိုး ၊ ၅၃ ပွဲနိုင် ပွဲ ၃၀ KO ရလဒ်နဲ့အတူ WBC မစ်ဒယ်ဝိတ်တန်း ချန်ပီယံလည်း ဖြစ်ပါတယ်။ မာတီနက်ဇ်အကြောင်းပြောရင် သူ့ရဲ့ လက်ဝှေ့စွမ်းရည်အပြင် ဆွဲဆောင်မှုအားကောင်းတဲ့ ရုပ်ကိုပါ ထည့်တွက်ရမှာပါ။
(၄) Lucas Martin Matthysse
Photo: LA Times
ရုပ်အဖြောင့်ဆုံး လက်ဝှေ့သမားတွေထဲက နောက်ထပ် အာဂျင်တီးနားသားတစ်ယောက်ကတော့ လူးကပ်စ် မာတီဆီးဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဒီလက်ဝှေ့ကျော်ဟာ ၂၀၀၄ ကနေ ၂၀၁၈ ခုနှစ်အထိ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝကို ဖြတ်သန်းခဲ့သူ ဖြစ်ပြီး WBA ဝယ်သာဝိတ်နဲ့ WBC စူပါလိုက်ဝိတ်ချန်ပီယံဆုရှင်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း လက်ဝှေ့ကျော်တစ်ဦးဖြစ်သလို ရုပ်ရည်လည်း ကြည့်ကောင်းပြီး ချောမောပါတယ်။
(၅) Anthony Joshua
Photo: DAZN
ဗြိတိန်လက်ဝှေ့ကျော် အန်တိုနီ ဂျိုရှုဝါလည်း ရုပ်အဖြောင့်ဆုံး ပရော်ဖက်ရှင်နယ် ဘောက်ဆာစာရင်းမှာ ပါရှိပါတယ်။ ညှို့ငင်အားကောင်းပြီး အရပ်ရှည်ရှည် စတိုင်ကျကျ လှုပ်ရှားဟန်ကြောင့်လည်း ဂျိုရှုဝါဟာ ထင်ရှားတာပါ။ အသက် ၃၁ နှစ်ပဲ ရှိသေးပေမယ့် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟာ လက်ရှိမှာ ၂၅ ပွဲထိုးသတ်ထားပြီး ၂၄ ပွဲနိုင် ၂၂ ပွဲ KO ရလဒ်ကို ရရှိထားပါတယ်။
Featured Photo: GQ