လူတွေရဲ့ အနုပညာခံစားမှုကို မွှေနှောက်ထိုးဖောက်သွားတဲ့ တီးဝိုင်းတွေအကြောင်း ပြောရင် Guns N’ Roses အကြောင်း မပြောလို့ မဖြစ်ပါဘူး။ Guns N’ Roses ဆိုတာ ၈၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ရော့ခ်ဂီတခေတ်တစ်ခေတ်ရဲ့ ပေါက်ကွဲသံစဉ်ကို မတိမ်ကောနိုင်တဲ့ အောင်မြင်မှုတွေနဲ့ ချီတက်ခဲ့တဲ့ ဂန္ဓဝင်တီးဝိုင်းလို့တောင် ဆိုနိုင်ပါတယ်။

ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ထုတ်ခဲ့သလို သမိုင်းမှာ ဈေးအကြီးဆုံး ရော့ခ်အယ်လ်ဘမ်လည်း ဖန်တီးခဲ့တဲ့ Band ပါ။ တချိန်တည်းမှာပဲ ဂရမ်မီတစ်ဆုမှ မရတဲ့ ရော့ခ်ဂီတတီးဝိုင်းကြီးပါ။ Guns N’ Roses ကို G N’ R ၊ GNR ၊ GUNs N’ Fuckin’ Roses ၊ G N’ F’N’R စသည်ဖြင့်လည်း နာမည်ပေါင်းစုံနဲ့ လူသိများပါတယ်။ Guns N’ Roses အကြောင်းကတော့ ပြောလို့ ကုန်မယ်မထင်ပါဘူး။ ဒီမှာတော့ ဒီအဖွဲ့ကြီးရဲ့ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ သီချင်းများစွာထဲကမှ ၅ ပုဒ်ကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

(၁) Welcome To The Jungle

Source : Guns N’ Roses

လော့စ်အိန်ဂျလိစ်မြို့ကြီးကို တောနက်ကြီးနဲ့ တင်စားထားတဲ့ Welcome To The Jungle သီချင်းက Guns N’ Roses အဖွဲ့ရဲ့ ၁၉၈၇ ခုနှစ်ထွက် ‘Appetite For Destruction’ အယ်လ်ဘမ်မှာ ပါလာတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ကြီးဟာ နာမည်ကျော်ကြားမှုနဲ့ ငွေကြေးဥစ္စာ ရှာဖွေရာစားကျက်ကြီးတစ်ခု၊ လိုချင်တာတွေ ရနိုင်ပေမယ့် ပြန်ပေးရမှာတွေကလည်း သွေးနဲ့ရင်းရတဲ့ဟာတွေတဲ့။ ဒီသီချင်းဟာ Guns N’ Roses ကို ရော့ခ်ဂီတလောကမှာ ကြယ်တစ်ပွင့်အဖြစ် ဟုန်းဟုန်းတောက် ကျော်ကြားစေခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

(၂) Sweet Child o’ Mine

Source : Guns N’ Roses

‘Appetite For Destruction’ အယ်လ်ဘမ်မှာပဲ နောက်ထပ် ‘ပေါက်’ ခဲ့တဲ့ သီချင်းတစ်ပုဒ်က Sweet Child o’ Mine ဆိုတဲ့ သီချင်းပါပဲ။ Metal Rock Band တစ်ခုကနေ နူးညံ့တဲ့ အချစ်သီချင်းတစ်ပုဒ်ကို ဘယ်လိုတောင် ဆိုသွားသလဲဆိုတာ နားဆင်ကြည့်သင့်ပါတယ်။ သီချင်း Intro ဟာ အဲ့ဒီခေတ်က Guns N’ Roses Fan တွေ ရင်ထဲ လှိုက်ခါကျန်ရစ်စေခဲ့သလို အထဲက “သူမက ငါ့ကို ရည်ရွယ်ပြီး တစ်ချက်လောက် ပြုံးလိုက်တယ်။ ငယ်ဘဝမှတ်ဉာဏ်တွေ ပြန်တွေ့ရတယ်။ အရာအားလုံးက ကောင်းကင်ပြာကြီးလောက် လတ်ဆတ်နေ ..” စတဲ့ စာသားတွေက အမှတ်ရစရာအပြင် ကဗျာဆန်ပြီး အသက်ဓါတ်ပါနေပါတယ်။

(၃) Yesterdays

Source : Guns N’ Roses

Yesterdays ဟာ GNR ရဲ့ အကောင်းဆုံးတေးတစ်ပုဒ်ပါပဲ။ ၁၉၉၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Guns N’ Roses ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ Use Your Illusion II အခွေမှာ ပါခဲ့တာပါ။ မနေ့ကများ သီချင်းဟာ ကလေးဘဝနာကျင်စရာတွေဟာ လုံးဝဥဿုံ မေ့ထားလို့ ရတာတွေ မဟုတ်ဘူးဆိုတာကို ပြန်ပြောပြနေတာပါ။ User Your Illusion က I နဲ့ II ဆိုပြီး ထွက်ခဲ့ပြီး အယ်လ်ဘမ်နှစ်ခုပေါင်းပြီး Use Your Illusion Tour မှာ ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။

(၄) Out Ta Get Me

Source : Guns N’ Roses

Metal Rock Band တစ်ခုရဲ့ သွေးကြွနေတဲ့ လူငယ်ရော့ခ်ကာတွေရဲ့ ၁၉၈၇ ခုနှစ်တစ်ဝိုက်က အသံကို Out Ta Get Me မှာ နားထောင်ကြည့်ပါ။ ကြီးကောင်ဝင်စအရွယ်ရဲ့ ဒေါသမာန်ကို ဒီသီချင်းမှာ ကြားရမှာပါ။ Guns N’ Roses အတွက် မှတ်တိုင်တွေထဲမှာ ဒီသီချင်းဟာ အမှတ်ရစရာဆိုတာထက် ပိုပါတယ်။ Appetite For Destruction အခွေမှာ ပါခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

(၅) Estranged

Source : Guns N’ Roses

၉ မိနစ်ကျော်ကြာတဲ့ Estranged သီချင်းဟာ Slash ရဲ့ လှပတဲ့ ဂစ်တာဆိုလို နဲ့ Axl Rose ရဲ့ တိုးဖွဲတဲ့ ဆိုဟန်က ထူးခြားပြီး တစ်မျိုးရှုပ်ထွေးထားပါတယ်။ ဒီသီချင်းကို နားထောင်တာ ခံစားချက်တွေ ကပြောင်းကပြန်ဖြစ်ပြီး စိတ်ခံစားလွယ်မှု ရိုလာကော်စတာစီးရသလိုမျိုး ဖြစ်နိုင်ပါတယ်။ Use Your Illusion II အခွေထဲမှာ ပါတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

ဒီသီချင်းတွေအပြင် Guns N’ Roses ရဲ့ အကောင်းဆုံးသီချင်းတွေအဖြစ် It’s So Easy ၊ Double Talkin’ Jive ၊ November Rain ၊ Patience နဲ့ Paradise Cityတို့ကိုလည်း ဖော်ပြကြပါတယ်။

Featured Photo: wallpaperuse