Premium ဖုန်းတွေ ဈေးကြီးသထက် ကြီးလာတဲ့အကြားက တချို့ Luxury ကုမ္ပဏီတွေက စိန် ၊ ရွှေ ၊ နီလာတွေလို ရှားပါးအဖိုးတန် ကျောက်မျက်ရတနာတွေနဲ့ ဒေါ်လာ သိန်းချီတန် Premium Luxury ဖုန်းတွေ ထုတ်နေကြပါတယ်။ Premium ဖုန်းတွေက ဝင်ငွေကောင်းတဲ့ လူလတ်တန်းစားအတွက်ဆိုရင် Super-Premium ဖုန်းတွေဟာ မီလျံနာ ၊ ဘီလျံနာတွေအတွက်လို့ ပြောရမလိုပါပဲ။ ဒီတစ်ခေါက်မှာ ထိပ်ထိပ်ကြဲချမ်းသာသူတွေပဲ ဝယ်ကိုင်နိုင်မယ့် တန်ဖိုးအကြီးဆုံးဖုန်းတချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) Caviar iPhone 12 Pro Pure Gold

Caviar iPhone 12 Pro Pure Gold

Photo: cashify

ကမ္ဘာပေါ်က ဈေးအကြီးဆုံးဖုန်းတွေထဲကတစ်လုံးဖြစ်ပြီး စုစုပေါင်းမှ ၇ လုံးပဲ ထုတ်ထားတဲ့ဖုန်းပါ။ နာမည်ကြီး Caviar က ထုတ်ထားတာ ဖြစ်ပြီး ဒေါ်လာ ၁၂၂၀၀၀ ဈေး ရှိပါတယ်။ အခွန်နဲ့ တင်ပို့ခအပါဆိုရင် ဒီထက်မက ဈေးပိုကြီးဦးမှာပါ။ ၁၈ ကာရက် ရွှေပြားပေါ်မှာ စိန်တွေနဲ့ အလှဆင်ထားတဲ့ ဒီဖုန်းဟာ အတွင်းပိုင်းမှာတော့ ပုံမှန် iPhone 12 Pro တစ်လုံးနဲ့ အတူတူပဲ ဖြစ်ပါတယ်။ နဂိုကတည်းက ဈေးကြီးတဲ့ Apple ထုတ်ကုန်ဟာ ရွှေ iPhone ဖြစ်သွားလို့ မြန်မာငွေ သိန်း ၂၀၀၀ ကျော် ဈေးအထိ ပေါက်သွားတာ ဖြစ်ပါတယ်။

(၂) Galaxy S21 Ultra Caviar Edition

Galaxy S21 Ultra

Photo: cashify

နောက်ထပ် Caviar Edition အဖြစ် ဈေးမြောက်လှတဲ့ ဖုန်းတစ်လုံးက Galaxy S21 Ultra Caviar Edition ဖြစ်ပါတယ်။ အလုံးရေ အကန့်အသတ်နဲ့ ထုတ်တဲ့ ဒီ Limited-Edition တန်ဖိုးမြင့်ဖုန်းဟာ စိန် ၊ ရွှေ ၊ တိုက်တေနီယံ နဲ့ လယ်သာစစ်စစ်ဆိုပြီး နောက်ထပ် ဗားရှင်း ၅ မျိုးထွက်ပါတယ်။ Galaxy S21 Ultra Gold Ox က ဈေးအကြီးဆုံးဖြစ်ပြီး ဗားရှင်း ၅ မျိုးထဲမှာ Luxury အဆန်ဆုံးဖြစ်ပါတယ်။
ကျောဘက်မှာ တိုက်တေနီယံနဲ့ လုပ်ထားပြီး နွားထီးတစ်ကောင်ရဲ့ 3D ပုံစံ ရွှေခေါင်းနဲ့ နှာခေါင်းကွင်း Nose Ring ကြီးတစ်ခု ပါရှိပါတယ်။ မျက်လုံးနေရာမှာ တောက်ပတဲ့စိန်နှစ်လုံး တပ်ဆင်ထားလို့ ပိုပြီး ကြွားဝံ့ခန့်ထည်နေပါတယ်။ 128GB မော်ဒယ်ကို ဒေါ်လာ ၂ သောင်းနဲ့ ရောင်းချနေပါတယ်။

(၃) Diamond Crypto Smartphone

Diamond Crypto Smartphone

Photo: cashify

နောက်ထပ်အမိုက်ဆုံး ဖုန်းတစ်လုံးက ရုရှားကုမ္ပဏီ JSC Ancort နဲ့ ဩစတြေးလျလက်ဝတ်ရတနာလုပ်ငန်း Peter Alisson တို့ ပေါင်းပြီး ဖန်တီးထားတဲ့ Diamond Crypto Smartphone ဆိုတဲ့ ဖုန်းပါပဲ။ Nokia Classic E51 ကို ‌ဘောင်တွေမှာ စိန်အလုံး ၅၀ ၊ ထောင့်တွေမှာ စိန်ပြာ ၅ လုံး ထည့်သွင်းထားပါတယ်။ ပလတ်တီနံကိုယ်ထည်နဲ့လာပြီး Back Keys တွေနဲ့ Logo ဟာ ၁၈ ကာရက်ရွှေနဲ့ လုပ်ထားပါတယ်။ လုံခြုံရေးအတွက် တွေးပူတတ်တဲ့ ရုရှားသူဌေးကြီးတွေအတွက် ဖုန်းတွင်း အဆင့်မြင့် Encryption နည်းပညာထည့်ထားတဲ့ ဒေါ်လာ ၁.၂ သန်းကျော်တန်ဖုန်းလည်း ဖြစ်ပါတယ်။

(၄) Goldvish Le Million

Goldvish Le Million

Photo: cashify

Goldvish ဆိုတဲ့ ဆွီဒင်ကုမ္ပဏီက ထုတ်တဲ့ Goldvish Le Million ဆိုတဲ့ဖုန်းကလည်း မယုံနိုင်လောက်အောင် ဈေးမြောက်ပါတယ်။ ဒေါ်လာ ၁ သန်းကျော်တန်တဲ့ဖုန်းဖြစ်ပြီး ၂၀၀၆ ခုနှစ်က ဂင်းနစ်ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံးဖုန်း စာရင်းဝင်ခဲ့ပါတယ်။ စုစုပေါင်းမှ ဖုန်း ၃ လုံးပဲ ထုတ်ခဲ့ပြီး ၃ ခုစလုံးဟာ ဒီဇိုင်းအားဖြင့် မမြင်စဖူး ထူးဆန်းနေသလို သုံးထားတဲ့ပစ္စည်းတွေအရလည်း လန့်လောက်အောင် တန်ဖိုးကြီးနေပါတယ်။ ၁၈ ကာရက်ရွှေကိုယ်ထည်ဟာ စိန်ပေါင်း ၁၂၀၀၀၀ နဲ့ လယ်သာသားရေကိုယ်ထည်တို့ သုံးထားပါတယ်။

(၅) Gresso Luxor Las Vegas Jackpot

Gresso Luxor Las Vegas Jackpot

Photo: cashify

အပြင်မှာ မြင်ဖူးဖို့ မဖြစ်နိုင်အောင် ရှားပါးတဲ့ဖုန်းတွေထဲမှာ Gresso Luxor Las Vegas Jackpot လည်း ပါပါတယ်။ Gresso Luxor Las Vegas Jackpot ဟာ ရူပီး ၇.၁ ကု‌ဋေ တန်ပါတယ်။ သူလည်း Goldvish Le Million လိုပဲ ၃ လုံးပဲ ထွက်ပါတယ်။ Keypad ဖုန်းအမျိုးအစားဖြစ်ပြီး ဘော်ဒီရှေ့ပိုင်းမှာ ၄၅.၄ ကာရက်အလေးချိန်ရှိတဲ့ စိန်နက် Black Diamonds တွေနဲ့ ဆင်ထားပြီး ဘော်ဒီဖရိန်ဟာ ရွှေဂရမ် ၁၈၀ သုံးထားပါတယ်။ ကျောဘက်ကိုယ်ထည်ကို နှစ် ၂၀၀ သက်တမ်းရှိပြီ ဖြစ်တဲ့ အာဖရိကသစ်နက်သားနဲ့ အလှဆင်ထားပါတယ်။ ဒါတင်မဟုတ်ဘဲ သေချာသန့်စင်ထားတဲ့ နီလာတွေကို ဖုန်းခလုတ်အဖြစ် သုံးထားပါတယ်။ နီလာတွေအားလုံးရဲ့ အလေးချိန်ဟာ ၃၂ ကာရက်ရှိတယ်လို့ ဆိုပါတယ်။

Featured Photo: cashify