ယောင်္ကျားတွေအကြိုက် အပြင်းစားယမကာတွေထဲမှာ ဝီစကီတွေက ထိပ်ဆုံးက ပါနိုင်ပါတယ်။ ဝီစကီဟာ ဘာလီ ၊ ပြောင်း ၊ ဂျုံစေ့တို့ကနေ ချက်လုပ်ထားတာ ဖြစ်ပြီး Single Malted ၊ Bourbon ၊ Irish Whisky နဲ့ Scotch/Blended Whisky စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။
၁၈ ရာစုအတွင်းက အမေရိကားမှာ ဝီစကီဟာ ပင်န်ဆဗေးနီးယားဒေသခံတွေအတွက် ငွေကြေးသဖွယ် ဖလှယ်ရာဖြစ်ခဲ့ပါတယ်။ ဝီစကီအမျိုးအစား ၊ သက်တမ်းနဲ့ ထုတ်လုပ်မှုပေါ် မူတည်ပြီး ဈေးကွာခြားကြပေမယ့် အခုပြောမယ့် ဝီစကီတွေကတော့ ဒေါ်လာ သိန်းနဲ့ သန်းနဲ့ချီအောင် ဈေးကြီးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးတွေအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

(၁) Isabella’s Islay

Photo: luxhabitat

ဝီစကီတစ်လုံးကို ဒေါ်လာ ၆.၂ သန်းပေးရမယ်ဆိုရင် ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ပါဘူး။ Isabella’s Islay ဈေးကြီးတာက အကောင်းတကာ့အကောင်းဆုံး စကော့ဝီစကီ ဖြစ်ရုံမက ဝီစကီထည့်တဲ့ပုလင်းကြောင့်ပါ ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်ခဲ့တာပါ။ ပုလင်းဟာ စိန်အလုံးရေ ၈၅၀၀ လုံး ၊ ပတ္တမြားအလုံးရေ ၃၀၀ နဲ့ အလွန်တရာလှပသားနားလှတဲ့ ရွှေဖြူနဲ့ ဖန်တီးထားပါတယ်။

(၂) The Macallan M

Photo: luxhabitat

ခြောက်လီတာဆန့် Macallan M ဝီစကီဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံးနဲ့ ဈေးအကြီးဆုံးဝီစကီထဲက တစ်လုံးဖြစ်ပါတယ်။ ပုလင်းကို တလင်းကျောက်ကို လက်မှုပညာနဲ့ သေချာစွာ ပုံသွင်းထားတာ ဖြစ်ပါတယ်။ ဒီပုလင်းကို လက်မှုပညာရှင် ၁၇ ဦးမှ ဒီဇိုင်းဆွဲဖန်တီးထားတာ ဖြစ်ပါတယ်။ ဟောင်ကောင်လေလံပွဲမှာ ဒီဝီစကီကို ၆၂၈၂၀၅ ဒေါ်လာနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ Macallan M ကို စပိန်ဝက်သစ်ချသားစည်ထဲမှာ သက်တမ်း ၂၅ နှစ်ကနေ ၇၅ နှစ်ကျော် သိုလှောင်ခဲ့တာပါ။

(၃) The Macallan 4

Photo: luxhabitat

နာမည်ကျော်ပြင်သစ်ဖန်ချက်လုပ်ငန်း Lalique ရဲ့ မြေစေးတိုင်နဲ့ ဖယောင်းပုံသွင်းထားပြီး ကြေးဝါရည်လောင်းတဲ့နည်းနဲ့ ထုတ်ထားတဲ့ ပုလင်းနဲ့ လာပါတယ်။ Macallan 4 ကို စပိန်ဝက်သစ်ချစည်တွေထဲမှာ သိမ်းဆည်းထားတဲ့နှစ်တွေဖြစ်တဲ့ ၁၉၄၂ , ၁၉၄၅ နဲ့ ၁၉၄၆ တို့ပေါ် မူတည်ပြီး သုံးမျိုး ကွဲပါတယ်။ Macallan 4 Lalique Cire Perdue ဝီစကီပုလင်းကတော့ အရှားပါးဆုံးနဲ့ နောက်ဆုံးလက်ကျန်ပုလင်းလို့ သတ်မှတ်ထားပါတယ်။ ၂၀၁၀ လေလံပွဲမှာ ဒီပုလင်းကို ဒေါ်လာ ၄၆၄၀၀၀ ဈေးနဲ့ ရောင်းချသွားမှာပါ။ ပုလင်းကို တလင်းကျောက် ခရစ္စတယ်သားနဲ့ လုပ်ထားပါတယ်။

(၄) Dalmore 62

Photo: luxhabitat

Dalmore 62 ဝီစကီက သိပ်ရှားပါတယ်။ ၁၉ ရာစုအလယ်လောက်က ထုတ်ခဲ့တာ ဖြစ်လို့ အခုဆို ရာစုနှစ်တစ်ခုကျော် ကြာပြီ ဖြစ်ပါတယ်။ ဒေါ်လာ ၂၅၀၀၀၀ ဈေးနဲ့ ရောင်းထွက်ခဲ့တဲ့ ဒီဝီစကီပုလင်းကို ပလတ်တီနမ်နဲ့ ခရစ္စတယ်သားနဲ့ ဖန်တီးထားတာပါ။ ဒီပုလင်းကို ပုံလောင်းဖို့ သုံးတဲ့ သစ်သား Mold ခွက်ကိုတောင် နာရီ ၁၀၀ ကျော် ကြာအောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

(၅) Dalmore 64 Trinitas

Photo: luxhabitat

Dalmore 64 Trinitas ပုလင်းထဲက ဝီစကီတွေကို ၁၉၃၉ ၊ ၁၉၂၆ ၊ ၁၉၇၈ နဲ့ ၁၉၆၈ ခုနှစ်တွေကတည်းက သိုလှောင်ထိန်းသိမ်းလာခဲ့တာပါ။ ဒီလို အဖိုးတန်ဝီစကီတွေထဲက တစ်လုံးကို အမေရိကန်မှ ဝီစကီစုဆောင်းသူတစ်ဦးက ဝယ်ယူခဲ့ပါတယ်။ ဒီပုလင်းရဲ့ ဈေးနှုန်းကလည်း ဒေါ်လာ ၁၆၀၀၀၀ ရှိတယ်လို့ သိရပါတယ်။